တရုတ်နဲ့အမေရိကန်တို့ဟာ သမ္မတထရမ့်ရဲ့ များပြားတဲ့ အခွန်ကောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ တစ်ပတ်တာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး မေလ ၁၁ ရက်မှာ တိုးတက်မှုတွေရှိခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးပဋိပက္ခတွေက ငွေကြေးဈေးကွက်ကို လှုပ်ခတ်သွားစေပြီး ကမ္ဘာ့စီးပွားရေးကိုလည်း နှောင့်နှေးသွားစေပါတယ်။ ဒါကြောင့် အမေရိကန်မှာလည်း ငွေကြေးဖောင်းပွမှု တွေ ကြုံနေရတာပါ။

မေလ ၁၁ ရက် ထုတ်ပြန်တဲ့ကြေညာချက်မှာ အသေးစိတ်အချက်အလက်တွေ ဖော်ပြမထားပေမဲ့ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုအသစ် ချမှတ်နိုင်ခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကိုယ်စားလှယ် လီချင်ဂန်က အမေရိကန်နဲ့တရုတ်ဟာ ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာပြဿနာတွေအတွက် ပုံမှန်နဲ့ပုံမှန်မဟုတ်တဲ့ ဆက်သွယ်မှုတွေကို အဓိက ထားတဲ့ ပူးပေါင်းဆောင်ရွက်ရေးယန္တရားတစ်ခု ဖွဲ့စည်းဖို့ သဘောတူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းကစပြီး အာရှထုတ်လုပ်ရေးကုမ္ပဏီကြီးတွေအပေါ် ထရမ့်ကောက်ခံခဲ့တဲ့ အခွန်နှုန်းထား တွေဟာ လတ်တလောမှာ ၁၄၅ ရာခိုင်နှုန်းအထိ ရှိနေပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် အကောက်ခွန် နှုန်းတွေကတော့ ၂၄၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ကုန်ပစ္စည်းတွေအပေါ် တရုတ်က ၁၂၅ ရာခိုင်နှုန်းအထိ သတ်မှတ်လိုက်ပါတယ်။ဒီလိုအခြေအနေကြားက အခုဆွေးနွေးခဲ့တဲ့ နှစ်ဖက်ဆွေးနွေးမှုတွေဟာ တိုးတက်မှုဖြစ်ပြီး အနာဂတ် အတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် အန်ဂိုဇီအို ကွန်ဂျို အီဝီအလာက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။