ပထမသုံးလပတ်ဝင်ငွေစာရင်းအရ အမြတ်အစွန်းပမာဏဟာ မှန်းထားတာထက် ပိုများခဲ့ပေမယ့် အမေရိကန် ကုန်သွယ်ခွန်ကြောင့် ကုမ္ပဏီအတွက် ဒေါ်လာ သန်း ၉၀၀ အထိ ထိခိုက်မှုရှိနိုင်တယ်လို့ Apple ကုမ္ပဏီက မေလ ၁ ရက်မှာ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကမှာ ရောင်းချမဲ့ iPhone အများစုကို အိန္ဒိယမှာ ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပြီး အခုလောလောဆယ် မှာတော့ Apple ထုတ်ကုန်တွေဟာ ထရမ့်ရဲ့ ပြင်းထန်တဲ့ အပြန်အလှန် ကုန်သွယ်ခွန်ကောက်ခံမှုကနေ ကင်းလွတ် ခွင့်ရထားတယ်လို့ ကုမ္ပဏီအမှုဆောင် တင်မ်ကွတ်ခ်က ပြောပါတယ်။ကွန်သွယ်ခွန်ရဲ့သက်ရောက်မှုကို တိတိကျကျ မခန့်မှန်းနိုင်သေးပေမယ့် နောက်သုံးလပတ်အတွင်း ကုန်သွယ်ခွန် အသစ် ထပ်မံတိုးမြှင့်ကောက်ခံတာမျိုး မရှိဘဲ လက်ရှိ ကမ္ဘာ့ကုန်သွယ်ခွန်နှုန်းထားနဲ့ ပေါ်လစီအတိုင်းသာဆိုရင် မိမိတို့ရဲ့ကုန်ကျစရိတ်ကို ဒေါ်လာ သန်း၉၀၀ ထပ်ပေါင်းရမှာ ဖြစ်တယ်လို့လည်း တင်မ်ကွတ်ခ်က ပြောပါတယ်။

အမေရိကကို တင်ပို့မယ့် iPhone အများစုကို တရုတ်ပြည်မမှာ ထုတ်လုပ်နေဆဲဖြစ်ပေမယ့် အပြန်အလှန် ကုန်သွယ်ခွန် ပေါ်လစီ မတည်ငြိမ်မှုကြောင့် Apple ကုမ္ပဏီဟာ အနာဂတ်မှာ ကြုံတွေ့ရမယ့်အန္တရာယ်ကို လျှော့ချနိုင်ဖို့ သုံးလပတ်ကာလအဆုံးပိုင်းမှာ အိန္ဒိယမှာ တိုးမြှင့်ထုတ်လုပ်သွားနိုင်ခြေရှိတယ်လို့ Canalys ရဲ့ သုတေသနမန်နေဂျာ Le Xuan Chiew က ပြောဆိုထားပါတယ်။