ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်း(PMI) အနည်းငယ်ကျဆင်းခဲ့တယ်လို့ S&P Global ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်းဟာ ၅၀ ဒသမ ၄ အထိ ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာတော့ အညွှန်းကိန်းဟာ ၄၇ ဒသမ ၄ သာ ရှိခဲ့တာပါ။ ဇန်နဝါရီလထဲမှာ ကုန်အမှာစာတွေ လျော့ကျခဲ့တာကြောင့် ထုတ်လုပ်သူတွေမှာလည်း ရောင်းအားလျော့နည်း ခဲ့လို့ အခုလို ကုန်ထုတ်လုပ်မှုတွေ ကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကုန်ထုတ်လုပ်မှုအခြေအနေ တိုးတက်ခဲ့ပေမယ့် အခုနှစ်စမှာ ပြန်လည်ကျဆင်းလာပြီး မြန်မာနိုင်ငံက ထုတ်လုပ်သူတွေရဲ့ ကုန်ပစ္စည်းတွေအပေါ် ဝယ်လိုအား လျော့ကျခဲ့တယ်လို့ S&P Global Market Intelligence က စီးပွားရေးပါရဂူ မာယမ်ဘလွတ်ခ် က ပြောပါတယ်။ကုန်ပစ္စည်းအမှာရရှိမှုနဲ့ ထုတ်လုပ်မှုတွေ ကျဆင်းလာပေမယ့် ဇန်နဝါရီလထဲမှာ လက်ကျန်အလုပ်တွေကတော့ ဆက်လက်စုပုံနေဆဲဖြစ်တာကြောင့် နိုင်ငံတွင်းက ကုန်ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အခက်အခဲတွေ ဖြစ်နေကြ ဆဲ ဖြစ်တယ်လို့ S&P Global ရဲ့ စစ်တမ်းအရ သိရပါတယ်။

ဇန်နဝါရီလထဲမှာ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေ၊ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ လုပ်သားအင်အား လျော့နည်း တာတွေကြောင့် ထုတ်လုပ်ရေးပိုင်းမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့သလို တစ်ဖက်မှာလည်း ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေက မြင့်တက်နေဆဲ အခြေအနေမှာ ရှိတယ်လို့ S&P Global က ထုတ်ပြန်ထားပါတယ်။S&P Global ဟာ ကုန်ထုတ်လုပ်ငန်းတွေဆီ မေးခွန်းတွေပေးပို့ပြီး ပြန်လည်ရရှိလာတဲ့ ဖြေကြားချက်တွေကို အခြေခံတွက်ချက်ပြီး ကုန်ထုတ်လုပ်မှုအညွှန်းတွေကို လစဉ်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။