တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ “ဝ”ဒေသကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် ပြုလိုက်တယ်လို့ UWSA ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ “ဝ”ဒေသကနေ ကိုးကန့်ဒေသကို ကုန်ပစ္စည်းတွေ သယ်ယူဖြတ်သန်းခွင့်ကို “ဝ”အဖွဲ့က ပိတ်ပင်ထားတဲ့အပေါ် တရုတ် အစိုးရရဲ့ ညွှန်ကြားချက်အရ ကုန်စည်ဖြတ်သန်းခွင့် ပြန်လည် ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ကိုးကန့်ဒေသနဲ့ “ဝ”ဒေသကို မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာကို အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ဖို့ ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးက အကြောင်း ကြားစာ ရရှိခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။အဲဒါကြောင့် ဇန်နဝါရီ ၂၀ ရက်ကစပြီး ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေက လွဲလို့ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ထွက်ကုန်နဲ့ နေ့စဉ်ဘဝဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ အားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ” – တရုတ် နယ်စပ် က နမ့်တစ်(မန်ခါး)ဂိတ်တို့ကိုလည်း ဇန်နဝါရီ ၁၉ ရက်က တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့တာကြောင့် ဓာတ်ဆီ တွေလည်း ပြန်ဝင်နေပြီ ဖြစ်တယ်လို့ “ဝ” သတင်းဌာနဖြစ်တဲ့ “ဝ” လူငယ့်အသံ ကွန်ရက်မှာ ဖော်ပြထားပါတယ်။အခုလို တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးခဲ့တာကြောင့် ဆီတွေနဲ့အိမ်ဆောက်ပစ္စည်းတွေလည်း ပြန်ဝင် လာတယ်လို့ UWSP လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။