တရုတ်နိုင်ငံမှာ ဝယ်လိုအားကျဆင်းမှုနဲ့ အမေရိကန်ကုန်သွယ်ခွန် သက်ရောက်မှုကြောင့် အာရှနိုင်ငံတွေရဲ့ စက်မှုလုပ်ငန်းတွေ ဆုတ်ယုတ်နှောင့်နှေးပြီး ကုမ္ပဏီတွေ အထိနာခဲ့ရတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ကုန်သွယ်ရေးအပေါ်မှီခိုနေရတဲ့ ဂျပန် နဲ့ တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ကားကုန်သွယ်ခွန်ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆက်လက်ကျဆင်းနေတယ်လို့ သိရပါတယ်။

ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း စက်မှုလုပ်ငန်းတွေ မေလမှာ ဆက်လက်ကျဆင်းနေတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။အမေရိကန်နဲ့ ကုန်သွယ်ခွန်ကိစ္စဆွေးနွေးနေရာ မထိရောက်သေးတာကြောင့် အာရှနိုင်ငံတော်တော်များများမှာ စီးပွားရေးမတည်ငြိမ်မှုတွေရှိနေပြီး ကုမ္ပဏီတွေအနေနဲ့ ကုန်ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မတိုးချဲ့နိုင်သေးဘူးလို့သိရပါတယ်။ အခုနှစ်မေလမှာ ဂျပန်ရဲ့ PMI အညွှန်းကိန်းဟာ ၄၉.၄ ရှိပြီး တောင်ကိုးရီးယားရဲ့ PMI အညွှန်းကိန်းက ၄၇.၇ ရှိပါတယ်။

ထရမ့်လက်ထက် ကုန်သွယ်ခွန်ကိစ္စနဲ့ ကုန်သွယ်ရေးမူဝါဒဆိုင်ရာ မရေရာမှုတွေကြောင့် ကုန်တင်ပို့မှုတွေနဲ့ ကော်ပိုရိတ်လုပ်ငန်းတွေ နှောင့်နှေးခဲ့တဲ့အတွက် ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ စီးပွားရေးဟာ ပထမသုံးလပတ်မှာ ကျဆင်းခဲ့ပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ တရုတ်(တိုင်ပေ)တို့မှာလည်း မေလအတွင်း စက်ရုံလုပ်ငန်းတွေ ဆုတ်ယုတ်ကျဆင်းမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။