ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ ပြုလုပ်မယ့် အာရှထိပ်တန်းကုန်စည်ပြပွဲ THAIFEX – HOREC Asia မှာ နိုင်ငံပေါင်း၂၂နိုင်ငံက ပြခန်းပေါင်း ၂၅၀ ကျော်နဲ့ ပါဝင်ပြသမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပမယ့်အဲ့ဒီပြပွဲကို မတ်လ ၅ ရက်ကနေ ၇ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ပြပွဲမှာ ပါဝင်ပြသမယ့်နိုင်ငံတွေကတော့ ဥရောပသမဂ္ဂ၊ အမေရိကနဲ့ အာရှတစ်ဝှမ်းရှိ နိုင်ငံတွေပဲဖြစ်ပါတယ်။

THAIFEX – HOREC Asia 2025(ထိုင်းဖတ် ဟောရတ်စ်အေးရှား၂၀၂၅) ပြပွဲအတွင်းပါဝင်ခင်းကျင်းပြသသွားမယ့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကတော့ မုန့်ဖုတ်လုပ်ငန်းနဲ့ ရေခဲမုန့်၊ ကော်ဖီနဲ့ ဘား၊ ပရိဘောဂနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ၊ အဝတ်လျှော်စက်ပစ္စည်းတွေ အပြင် နည်းပညာနဲ့ ကျန်းမာရေး ဆွေးနွေးပွဲတွေလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက HOREC Asia 2025 ပြပွဲအတွင်းကုန်စည်ပေါင်း ၃၀၀ ကျော်သာပြသနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ကုန်စည်အရေအတွက် ၁၀၀ ကျော်နီးပါး တိုးပြီးပြသမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ပြပွဲအတွင်း ပြိုင်ပွဲတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်း အစုံအလင်ပါ၀င်တဲ့ အစီအစဉ်တွေလည်းပါဝင်သွားမှာဖြစ်တယ်လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌ Sananကပြောကြားထားပါတယ်။HOREC Asia 2025 ပြပွဲကို လာရောက်ကြည့်ရှုသူ ၂သောင်းကျော်ရှိမယ်လို့ မျှော်မှန်းထားပြီး အဲ့ဒီပွဲကနေ ကုန်သွယ်မှုတန်ဖိုး အနည်းဆုံး ဘတ် ၄ ဘီလီယံ ကျော်ရရှိမယ်လို့ လည်းခန့်မှန်းထားပါတယ်။HOREC(ဟောရတ်စ်) Asia 2025 ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်မယ့် ပြပွဲဟာ ထိုင်းနိုင်ငံကို ဒေသတွင်းထိပ်တန်း HoReCa အချက်အချာအဖြစ် ပြသဖို့လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။ပြပွဲအတွင်း ခရီးသွားကဏ္ဍ ၊ စားသောက်ဆိုင်တွေနဲ့ အစားအသောက်လုပ်ငန်းတွေကို လွှမ်းခြုံထားတဲ့ HoReCa ရဲ့ ဆက်လက်တိုးတက်မှုကိုတွေ့မြင်ရမှာဖြစ်ပါတယ်။