တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ တရားမဝင်ကုန်သွယ်မှု ခန့်မှန်းတန်ဖိုးကျပ်၂၇၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
ဩဂုတ် ၁ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးမှာ ကော်မတီဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းရှိန်က အခုလိုပြောကြားလိုက်တာပါ။

ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီးနောက် ဖမ်းဆီးရမိမှုတွေအနေနဲ့ ၂၀၂၄ ခုနှစ် ဇွန်လအထိ အမှုတွဲ ၁၃၅၅၀၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေတဲ့အတွက် ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။