တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနဲ့ အထူးအဖွဲ့တွေ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး တာဝန်ရှိသူတွေဟာ တရားမဝင်ကုန်ပစ္စည်းတွေကို အခုထက်ပိုပြီး ၄ ဆခန့်အထိ ထိရောက်အောင် ဖမ်းဆီး နိုင်ဖို့အတွက် ဆောင်ရွက်သွားဖို့ လိုအပ်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ ဒီဇင်ဘာ(၁၀)ရက်က ပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

၂၀၂၄ ခုနှစ်၊ လအလိုက်ဖမ်းဆီးရရှိမှုမှာ တစ်လထက်တစ်လ ပိုမိုဖမ်းဆီးနိုင်ခဲ့ပေမဲ့ မိမိတို့နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တွေရဲ့ပို့ကုန်၊ သွင်းကုန်လက်ခံစာရင်းတွေကို တိုက်ဆိုင်စစ်ဆေးရာမှာ မိမိတို့နိုင်ငံရဲ့ ပို့ကုန်ပိုင်းမှာရော သွင်းကုန် လက်ခံပိုင်းမှာပါ အိမ်နီးချင်းနိုင်ငံရဲ့ စာရင်းဇယားအရ များစွာလျော့နည်းမှုတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုမှာ မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ ကရင်ပြည်နယ်က ဒုတိယနဲ့ ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။ဖမ်းဆီးရမိမှုတွေထဲမှာ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက အများဆုံးဖမ်းဆီးရမိပြီး လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်ကဒုတိယနဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေက တတိယအများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင်ကုန်စည် ဖမ်းဆီးရမိမှုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ၃ နှစ်နီး ပါးအတွင်း အမှုတွဲ(၁၇၂၅၈)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀ ဘီလီယံနီးပါး ဖမ်းမိခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။