မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ကိုရီးယားသမ္မတနိုင်ငံက Global Issue Forum တို့အကြား ဆန်ခေါက်ဆွဲ ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ညှိနှိုင်းခဲ့ကြတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့ကနေ သိရပါတယ်။အဲဒီ ညှိနှိုင်းဆွေးနွေးမှုကို ဇူလိုင် ၈ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာပါ။

ကိုရီးယားနည်းပညာနဲ့ ဆန်ခေါက်ဆွဲအစိုနဲ့အခြောက် ထုတ်လုပ်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပေးပြီး စီးပွားရေးသံမှူးကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က ဆိုပါတယ်။မြန်မာနိုင်ငံမှာ တရုတ်(တိုင်ပေ)နဲ့ ထိုင်းနိုင်ငံကစက်တွေ နည်းပညာတွေနဲ့ ဆန်ခေါက်ဆွဲအစိုနဲ့အခြောက် ထုတ်လုပ်သူတွေ များတယ်လို့ သိရပါတယ်။

အဲဒီ အစည်းအဝေးမှာ Global Issue Forum က ကိုရီးယားနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဆန်နဲ့ခေါက်ဆွဲ ထုတ်လုပ် တဲ့စက်ကို မိတ်ဆက်ပေးခဲ့ပြီး အဲဒီစက်ဟာ တခြားပါဝင်ပစ္စည်းမပါဝင်ဘဲ ဆန်သီးသန့်နဲ့သာ ထုတ်လုပ်နိုင်တာ၊ အရွယ်အစားသေးငယ်ပြီး လုပ်သားအင်အားအနည်းငယ်နဲ့ ပမာဏ များများထုတ် လုပ်နိုင်သလို ကိုရီးယား နည်းပညာနဲ့ တစ်ရက်ကို အထုပ်၂၅၀၀၀ လောက် ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။