၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာကျင်းပမယ့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် လျှောက်လွှာတွေကို အခုဩဂုတ်လအတွင်း လျှောက်ထားရမှာဖြစ်တယ်လို့ JLPT စာမေးပွဲ ကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်နဲ့ မန္တလေး နှစ်မြို့စလုံးအတွက် အွန်လိုင်းစနစ်လျှောက်လွှာတွေကို N1 နဲ့ N2 Level အတွက် ဩဂုတ် ၁၄ ရက်၊ ၁၅ ရက်နဲ့ ၂၆ ရက်၊ N3 Level အတွက် ဩဂုတ် ၁၆ ရက်၊ ၁၉ ရက်နဲ့ ၂၇ရက်၊ N4 Level အတွက် ဩဂုတ် ၂၀ ရက်၊ ၂၁ ရက်နဲ့ ၂၈ ရက်၊ N5 Level အတွက် ဩဂုတ် ၂၂ ရက် နဲ့ ၂၃ ရက်တွေမှာ လက်ခံသွားမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ထဲမှာ ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ သင်တန်းကျောင်းတွေအတွက်ကိုတော့ ရန်ကုန်မှာ တစ်ကျောင်းကို လျှောက်လွှာအစောင်ရေ ၁၀၀ ရောင်းချပေးသွားမှာဖြစ်ပြီး မန္တလေးမှာ တစ်ကျောင်းကို လျှောက်လွှာအစောင်ရေ၅၀ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလျှောက်လွှာတွေကို ဩဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာတွေကို ဩဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ပြန်လည်လက်ခံသွားမှာဖြစ်ပြီး မန္တလေးစာဖြေအတွက်ကတော့ ဩဂုတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။
အွန်လိုင်းစနစ်နဲ့ သင်တန်းကျောင်းတွေအတွက် လျှောက်လွှာရောင်းချတာ၊ ပြန်လည်လက်ခံတာတွေကိုတော့ အသေးစိတ် ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ရဟန်းတော်၊ ရှင်သာမဏေ၊ သီလရှင်နဲ့ ၁၀ နှစ်အောက်ဖြေဆိုသူတွေအတွက် လျှောက်လွှာရောင်းချတာနဲ့ ပြန်လည်လက်ခံတာတွေကိုတော့ Level အားလုံးအတွက် ဩဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။