Google ရဲ့မိခင်ကုမ္ပဏီ Alphabet ရဲ့ဝင်ငွေဟာ အေအိုင်ရဲ့ဘက်ပေါင်းစုံတွန်းအားပေးမှုကြောင့် မျှော်လင့်တာ ထက် ပိုတိုးလာတယ်လို့ ဇူလိုင်လ ၂၃ ရက် ထုတ်ပြန်တဲ့ သုံးလပတ်အစီရင်ခံစာမှာ ပါရှိတယ်လို့ နိုင်ငံတကာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။Alphabet ရဲ့ဒုတိယသုံးလပတ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၄ ဘီလီယံရှိပြီး အမြတ်ငွေက ၂၈ ဒသမ ၂ ဘီလီယံရှိပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ယခင်စီမံထားတာထက် ၁၀ ဘီလီယံ ပိုတိုးပြီး အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံ သုံးစွဲသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒီလိုရင်းနှီးမြှုပ်နှံမှုက စားသုံးသူတွေရဲ့လိုအင်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လိုအပ်တယ်လို့လည်း Google ရဲ့အမှုဆောင်အရာရှိချုပ် Sundar Pichai က ရှင်းပြခဲ့ပါတယ်။Microsoft ၊ OpenAI ဖန်တီးသူ ChatGPT ၊ Facebook ရဲ့မိခင်ကုမ္ပဏီ Meta နဲ့တခြားကုမ္ပဏီတွေက အေအိုင် နယ်ပယ်မှာ ငွေလုံးငွေရင်းနဲ့ ပုံအောပြီး ရင်းနှီးမြှုပ်နှံနေကြတာကြောင့် Alphabet အနေနဲ့လည်း သူတို့လို လိုက်လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ဆိုပါတယ်။

Alphabet ဟာ အေအိုင်အတွက် အသုံးစရိတ်ကို သူ့ရဲ့အဓိက Search Engine ဖြစ်တဲ့ Google ရဲ့ကြော်ငြာကဏ္ဍနဲ့ cloud computing လုပ်ငန်းတွေအပေါ် မှီခိုအားထားနေရပြီး အေအိုင်ထုတ်ကုန်သစ်တွေကို ဈေးကွက်ထဲ အလျင် အမြန် ပို့ဆောင်နိုင်ဖို့ ဖိအားကြီးမားနေပြီလို့လည်း သိရပါတယ်။