နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၃၄ဒသမ၄သန်း ထုတ်လုပ်နိုင်မဲ့ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံစီမံကိန်းမှာ ၄၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်မှာတည်ဆောက်နေတဲ့ အဲဒီစီမံကိန်းမှာ စက်တပ်ဆင်အား ၂၀ဒသမ၄ မဂ္ဂါဝပ်နဲ့ ၁၀ မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၂ရုံ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီစီမံကိန်းပြီးစီးသွားရင် နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေနဲ့ အမှတ်၁စက်ရုံကနေ ကီလိုဝပ်နာရီသန်းပေါင်း ၉၀ဒသမ၁သန်း၊ အမှတ်၂စက်ရုံကနေ ၄၄ဒသမ၃သန်း၊ စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၁၃၄ဒသမ၄သန်းထုတ်လုပ်နိုင်မှာဖြစ်ပြီး နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်နဲ့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားတွေ ပို့လွှတ်ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နဲ့ တာဝန်ရှိသူတွေက ဇွန်လ၁၄ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့လည်း သိရပါတယ်။