မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ဖို့အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ကို မေလ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်တဲ့ Gulf Petroleum Myanmar ကုမ္ပဏီတို့အကြား မုတ္တမကမ်းလွန်လုပ်ကွက်(M -10 ) မင်းရဲသူစီမံကိန်းကို စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။

စီမံကိန်း ရည်မှန်းချက်အဖြစ် ၂၀၂၈ ခုနှစ်အတွင်း ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။အခုလို စာချုပ် ချုပ်နိုင်ခဲ့တာကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ငွေ ကြေးထည့်ဝင်မှု အားကောင်းလာမှာဖြစ်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း ရေနံနဲ့သဘာဝ ဓာတ်ငွေ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။လက်ရှိအချိန်အထိ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခုနဲ့ ထပ်မံရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ဖို့ ဆောင် ရွက်နေတဲ့ ကမ်းလွန်စီမံကိန်းကြီး ၂ ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ၆ ခု ရှိပါတယ်။

အခု မင်းရဲသူစီမံကိန်းဟာ ၇ ခုမြောက် ကမ်းလွန်စီမံကိန်းကြီးဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ကမ်းလွန် စီမံကိန်းဖြစ်တယ်လို့ စွမ်းအင် ဝန်ကြီးဌာနက သိရပါတယ်။တစ်ဖက်မှာလည်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်က လက်ရှိထုတ်လုပ်နေဆဲ ရေနံမြေတွေကနေ ရေနံနဲ့သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ပုံမှန်ဆောင်ရွက်နေကျနည်းလမ်းတွေအပြင် AI ၊ Water Flooding နဲ့ Hydraulic Fracturing စတဲ့ နည်းပညာတွေအသုံးပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။