အမေရိကန်နဲ့ တရုတ်ထိပ်တန်းအရာရှိတွေဟာ လန်ဒန်မြို့မှာ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွင်းဆက်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက် စေနိုင်တဲ့ မြေရှားသတ္တုကုန်ပစ္စည်းတင်ပို့ခွင့် ထိန်းချုပ်မှုတွေအပေါ် ဆွေးနွေးကြမယ်လို့ ယုံကြည်နေကြပါတယ်။

မြေရှားသတ္တုအပါအဝင် မော်တော်ယာဉ်၊ လေယာဉ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ကာကွယ်ရေးကဏ္ဍအတွက် အရေးကြီးတဲ့ပစ္စည်းတွေ တင်ပို့မှုကို တားမြစ်နေတယ်လို့ တရုတ်ကို အမေရိကန်က စွပ်စွဲပြောဆိုခဲ့ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ဂျနီဗာမြို့မှာ သဘောတူထားခဲ့တဲ့ ကနဦးကုန်သွယ်ရေးသဘောတူညီချက်ကြောင့် အင်အား ကြီးနှစ်နိုင်ငံရဲ့ ဆက်ဆံရေး တိုးတက်လာမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်နေကြပါတယ်။

သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ခန့်မှန်းမရနိုင်တဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေက ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကို တုန်လှုပ်စေခဲ့ပြီး ဆိပ်ကမ်းကြီးတွေမှာ အကျပ်အတည်းနဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာစေသလို ကုမ္ပဏီတွေ ကိုလည်း ဒေါ်လာဘီလီယံဆယ်ချီ ထိခိုက်နစ်နာစေခဲ့ပါတယ်။ဒုတိယအကြိမ်ဆွေးနွေးပွဲတွေက ဒေါ်နယ်ထရမ့်နဲ့ရှီကျင့်ဖျင်တို့ ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့ကြပြီးနောက် လေးရက်အကြာမှာ ပေါ်လာတာဖြစ်ပါတယ်။