မြန်မာ့သင်္ကြန်ကို ကမ္ဘာက အသိအမှတ်ပြုလိုက်ပြီ ဖြစ်တာကြောင့် နိုင်ငံအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက် ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာပန်းခြံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်စန္ဒာခင်က ပြောကြားခဲ့တာပါ။

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံခြားဧည့်သည်တွေ ဝင်ရောက်မှု များလာနိုင်တဲ့အတွက် နိုင်ငံတော်ဝင်ငွေ တိုးတက်လာနိုင်သလို ဒေသခံတွေ အနေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာစေမှာ ဖြစ်တယ်လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့သင်္ကြန် ကို နိုင်ငံသူနိုင်ငံသား ပြည်သူတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲအောင် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်စန္ဒာခင်က ပြောပါတယ်။