ပေါ်တူဂီကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရိုနယ်လ်ဒိုဟာ ကမ္ဘာ့ဝင်ငွေအမြင့်မားဆုံး အားကစားသမားစာရင်းရဲ့ ထိပ်ဆုံးကို ထပ်မံရောက်ရှိခဲ့ပြီး အခုတစ်ကြိမ်နဲ့ဆိုရင် နံပတ်တစ်နေရာရရှိမှု သုံးနှစ်ဆက်ရှိပြီဖြစ်ပါတယ်။

ဖော့ဘ်စ်မဂ္ဂဇင်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၂၇၅ သန်းရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၅ သန်းပိုများလာကြောင်း ဖော်ပြခဲ့ပါတယ် ။အဲဒီဒေါ်လာ ၂၇၅ သန်းထဲက ၂၂၅ သန်းဟာ သူလက်ရှိကစားနေတဲ့ ဆော်ဒီကလပ်ဖြစ်တဲ့ အယ်လ်နာဆာအသင်းကနေ ရရှိနဲ့ လစာနဲ့ ဆုကြေးငွေတွေဖြစ်ပြီး ကျန်တဲ့သန်း ၅၀ ကတော့ ကြော်ငြာစာချုပ်တွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလို အားကစားပြင်ပလုပ်ငန်းတွေကနေ ရရှိခဲ့တာပါ။

အခုဆိုရင် ခရစ္စတီယာနိုရိုနယ်လ်ဒိုဟာ ဖော့ဘ်စ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအမြင့်မားဆုံး အားကစားသမားစာရင်းမှာ စုစုပေါင်း ငါးကြိမ်အထိ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ် ။နောက်ထပ်ထိပ်သီး ကစားသမားတစ်ဦးဖြစ်တဲ့ လီယိုနယ်မက်စီကတော့ဒီနှစ်မှာ အဆင့်ငါး နေရာမှာ ရှိနေပြီး ဒေါ်လာ ၁၃၅ သန်း ရရှိခဲ့ပါတယ် ။၁၉၁၇ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ဖော့ဘ်စ်မဂ္ဂဇင်းဟာ ဩဇာကြီးမားတဲ့ ထိပ်တန်းစီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်။