စီးပွားရေး လှုံ့ဆော်မှုအစီအစဉ်တွေရဲ့ အကျိုးကျေးဇူးကြောင့် တရုတ်စီးပွားရေးဟာ (၂၀၂၄) ခုနှစ်ရဲ့ နောက်ဆုံး သုံးလမှာ မျှော်မှန်းခဲ့တာထက် ပိုမိုတိုးတက်ခဲ့တယ်လို့ တရုတ်အစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ တစ်ဖက်မှာ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခွန်စည်းကြပ်မှုအသစ်တွေ ချမှတ်လာဖို့ ရှိ နေချိန်မှာ တရုတ်ရဲ့ စီးပွားရေး တိုးတက်ရိပ် ပြလာနေတာပါ။

ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပြီး လူဦးရေပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကလေးမွေးဖွားနှုန်းမှာ အံ့အာသင့်ဖွယ် ပြန်တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ စတုထ္ထလေးလပတ်ထဲမှာလည်း တရုတ်နိုင်ငံရဲ့ GDP ဟာ (၅ ဒသမ ၄) ရာခိုင်နှုန်း တိုးပွားလာခဲ့တာကို တရုတ်အမျိုးသားစာရင်းအင်း ဗျူရိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ စီးပွားရေးပညာရှင်တွေက ခန့်မှန်းခဲ့တာထက်လည်း တိုးတက်မှု ပိုခိုင်မာအားကောင်းခဲ့တာပါ။တစ်နှစ်တာလုံးကို ပြန်ခြုံငုံကြည့်တဲ့အခါ စီးပွားရေးတိုးတက်မှုဟာ (၅ ဒသမ ၀) ရာခိုင်နန်းရှိခဲ့ပြီး ကျွမ်းကျင်သူ တွေ တိုးတက်မှု (၄ ဒသမ ၉) ရာခိုင်နှုန်းပဲရှိမယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒီလို တိုးတက်မှုတွေဟာ တရုတ်အာဏာပိုင် တွေက ဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီတွေကို ဖြေရှင်းဖို့ အမေရိကန် ဒေါ်လာ (၁ ဒသမ ၄) ထရီလီယံကျော် ကူညီတာ၊ အတိုးနှုန်းလျှော့ချတာ ထမင်းချက်ပေါင်းအိုးလို မီးဖိုချောင်သုံး ပစ္စည်းထုတ်လုပ်တဲ့ ကဏ္ဍကို ကူညီပံ့ပိုး တာ စတဲ့ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်တွေကို ချမှတ်ခဲ့တဲ့နောက် (၂၀၂၄) ခုနှစ်ရဲ့ နောက်ဆုံးလပိုင်းတွေမှာ စီးပွားရေး တိုးတက်ရိပ် ပြလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုန်းကန်နေရဆဲဖြစ်တဲ့ တရုတ်စားသုံးသူ ကဏ္ဍဟာ တရုတ်စီးပွားရေးကို နစ်နာစေတဲ့ အချက်ဖြစ်ရှိနေပြီး ဒီအတွက် အိမ်သုံးပစ္စည်းအတွက် သုံးစွဲမှုတွေ ထပ်ပြီး အားကောင်းလာဖို့ အစီအမံတွေ အဆောတလျင် ချမှတ်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းနေပါတယ်။