ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center (QSNCC)မှာ ဧပြီလ(၂)ရက် မနက်ပိုင်းက STYLE Bangkok 2025 ပြပွဲ စတင်ကျင်းပခဲ့ပြီး အဲဒီပြပွဲမှာ မြန်မာ ကုမ္ပဏီ(၄)ခုကနေ မြန်မာထုတ်ကုန်တွေ ပါဝင်ပြသခဲ့ပါတယ်။

STYLE Bangkok 2025 ပြပွဲကြီးကို ထိုင်းနိုင်ငံမှာ ကျင်းပလာခဲ့တာဟာ အခုအကြိမ်နဲ့ဆိုရင် (၈)ကြိမ်မြောက် ရှိပြီဖြစ်ပြီး ဒီနှစ်ပြပွဲမှာ ပြခန်းပေါင်း(၄၄၀)ကျော် ရှိပြီး တခြားနိုင်ငံတွေနဲ့အတူ မြန်မာကုမ္ပဏီ(၄)ခုကလည်း မြန်မာထုတ်ကုန်တွေကို လာရောက်ပြသကြတာပါ။

ပြပွဲမှာ Green Banana Myanmar ကုမ္ပဏီရဲ့ ငှက်ပျောချည်နဲ့ထုတ်လုပ်ထားတဲ့ အဝတ်အထည်၊ ဖိနပ်၊ လက်ကိုင် အိတ်၊ ခြုံထည်ပဝါ အပါအဝင် အခြားအသုံးအဆောင်တွေ၊ Orchard Company Limited ရဲ့ ဝါးနဲ့ထုတ်လုပ်ထားတဲ့ သောက်ရေခွက်၊ ဘောပင်၊ ယင်းလိတ်၊ စာမှတ်ကတ်၊ အလှဆင်မီးအိမ်မီးဆိုင်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အစ ရှိတာတွေ အပါအဝင် ဝါးကိုအဓိကထား ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေ၊ Pounamu ကုမ္ပဏီရဲ့ ဝါးနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေနဲ့ U Ba Nyein ကုမ္ပဏီရဲ့ ယွန်းထည်အသုံးဆောင်ပစ္စည်းတွေ၊ လည်ဆွဲတွေ အစရှိတဲ့ထုတ်ကုန်တွေ ကို ပြသထားတာ တွေ့ရပါတယ်။

တခြားနိုင်ငံတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ထုတ်ကုန်တွေနဲ့အတူ မြန်မာမှုထုတ်ကုန် တွေကလည်း လာရောက်ကြည့်ရှုဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။

ပြပွဲမှာ ထိုင်း၊မြန်မာနဲ့ အခြားနိုင်ငံတွေရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ပရိဘောဂတွေ၊ အိမ်အလှဆင်ပစ္စည်းတွေ၊ မီးဖို ချောင်သုံးပစ္စည်းတွေ၊ အရုပ်တွေ၊ စာရေးကိရိယာတွေ၊ ကျန်းမာရေး spa ထုတ်ကုန်တွေ၊ ဖက်ရှင် ပစ္စည်းတွေ၊ အထည်အလိပ်တွေ၊ သားရေထည်ပစ္စည်းတွေ၊ ယွန်းထည်တွေ၊ ဝါးနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေ ငှက်ပျောချည်နဲ့ ထုတ်လုပ်ထားတဲ့ အဝတ်အထည်နဲ့အသုံးအဆောင်တွေ၊ အလှကုန်တွေ၊ လက်ဝတ်ရတနာတွေ၊ ရေချိုးခန်းသုံး ပစ္စည်းတွေ၊ ဆွဲခြင်းနဲ့ လက်ကိုင်အိတ် အစရှိတာတွေ အပါအဝင် ထုတ်ကုန်ပေါင်းများစွာကို ခင်ကျင်းပြသထား တာပါ။

STYLE Bangkok 2025 ပြပွဲကြီးဟာ ထင်ရှားကျော်ကြားတဲ့ပြပွဲကြီးဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center မှာ ဧပြီလ(၂)ရက်ကနေ (၆)ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။

ဒီပြပွဲကြီးကို ထိုင်းနိုင်ငံ ကုန်သွယ်မှုဘုတ်အဖွဲ့နဲ့ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံ့စီပွားရေး မြှင့်တင်ဖို့နဲ့ ပို့ကုန်တင်ပို့မှု ပိုမို ကျယ်ပြန့် လာစေဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။