ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာစောင်ရေ ၁သိန်းခွဲ ကျော် ရှိခဲ့ပြီး အဲဒီရှယ်ယာတွေရဲ့ အရောင်းအဝယ်တန်ဖိုးဟာ ကျပ် ၄၇၃ သန်းကျော်ရှိခဲ့တယ်လို့ ရန် ကုန်စတော့အိတ်ချိန်းရဲ့စာရင်း အချက်အလက်တွေအရ သိရပါတယ်။Main Board မှာ Block Trading စနစ်နဲ့ အရောင်း အဝယ်ဖြစ်တဲ့ စတော့ရှယ်ယာစောင်ရေ ၅သောင်း ၆ထောင်ကျော်ရှိခဲ့ပြီး အရောင်းအဝယ် ဖြစ်မြောက်တဲ့ ရှယ်ယာတန်ဖိုးငွေ ကျပ် ၁၃၉သန်း ကျော် ရှိခဲ့ပါ တယ်။

သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ်မှာတော့ ရှယ်ယာစောင်ရေ ၁သိန်းကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ရှယ်ယာအရာင်းအဝယ်တန်ဖိုး အနေနဲ့ ကျပ် ၃၃၄ သန်း ကျော်ရှိခဲ့တာပါ။အခုနှစ်အစောပိုင်းမှာ ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board ရော ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာပါ စတော့ရှယ်ယာဈေးကွက်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူက ပုံမှန်ပဲရှိတယ်လို့ ရန် ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာဦးမင်းသူကပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ်အပါအဝင် စတော့အရေအတွက် အများအပြား အရောင်းအဝယ်ဖြစ်တဲ့ Block Trading စနစ်နဲ့ အရောင်းအဝယ်ဖြစ်မြောက်တဲ့ စတော့ရှယ်ယာစောင်ရေ စုစုပေါင်း ရှယ်ယာစောင်ရေ ၁သိန်း-၆သောင်းကျော် ရှိခဲ့ပါတယ်။ တန်ဖိုးငွေအားဖြင့် ကျပ် ၅၁၃သန်းကျော်ရှိခဲ့ပါတယ်။

ဒါကြောင့် ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ဖေဖော်ဝါလအတွင်း Main Board မှာ စတော့ရှယ်ယာ အရောင်းအ ဝယ်တန်ဖိုး ကျပ် သန်း ၄၀ ကျော် လျော့ကျနေတာကို တွေ့ရပါတယ်။ဖေဖော်ဝါရီလထဲမှာ ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာလည်း စတော့ရှယ်ယာစောင်ရေ ၂၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေနဲ့ ကျပ် ၇ သန်းကျော်ရှိပါတယ်။လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ် ဆောင်ရွက်နေပြီး Pre –Listing Board မှာတော့ လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့ကုမ္ပဏီ တစ်ခု နဲ့ အရောင်းအဝယ် ဆောင်ရွက်နေပါတယ်။