အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က စည်းကြပ်ခွန်တွေ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာပြီးနောက် အမေရိကန်စတော့ရှယ်ယာတွေ ပြန်လည်မြင့်တက်လာတာကို ဧပြီ ၉ ရက်က Reuters သတင်းမှာ ပါရှိပါတယ်။ အမေရိကန်စတော့ရှယ်ယာတွေ ပြန်လည်မြင့်တက်လာသလို တစ်ဖက်မှာလည်း ဒေါ်လာဈေးတွေ မြင့်တက်လာ တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ အကောက်ခွန်တွေ မြှင့်တင်ဖို့ စီမံချက်တွေက စီးပွားရေးကျဆင်းမှုကို တွန်းပို့ခဲ့သလို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက သမ္မတထရမ့်ရဲ့ စည်းကြပ်ခွန်သစ် ကောက်ခံမှု ကြေညာချက်ကြောင့်လည်း ရက်ပိုင်းအတွင်း စျေးကွက်မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတထရမ့်ဟာ နိုင်ငံပေါင်း ၁၀၀ လောက်ရဲ့ သွင်းကုန်တွေအပေါ် မတူညီတဲ့ ပမာဏ တွေနဲ့ အခွန်တိုးမြှင့်မှုကို ကြေညာခဲ့ပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများဟာ မြင့်မားတဲ့ အခွန်စည်းကြပ်မှု ရာခိုင်နှုန်း ပမာဏတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်အစိုးရရဲ့ အခွန်မူဝါဒ အသစ်တွေကို ကြေညာပြီးတဲ့နောက်ပိုင်း နိုင်ငံတကာ ရှယ်ယာစျေးကွက်တွေမှာလည်း ဆိုးဆိုးရွားရွား ကျဆင်း လာခဲ့ပါတယ်။

ထရမ့်ရဲ့ အခွန်သတ်မှတ်ချက် အသစ်တွေဟာ နိုင်ငံတွေအကြား တင်းမာမှုနဲ့ ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်မှုတွေကို မြင့်တက်လာစေနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း စီးပွားရေးဝန်ကြီး ဟောင်းဝပ် လုထ်နစ်ခ်ကတော့ အမေရိကန်ဟာ စီစဉ်ပြီးသား အခွန်စည်းကြပ်မှုတွေကို ရှေ့ဆက် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။