ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်အကြိုဈေးကွက်(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB ဟာ ရှယ်ယာတစ်စု အတွက် အမြတ်ဝေစု ကျပ် ၅၀၀ ကို ခွဲဝေပေးမယ်လို့ ASPGB က ထုတ်ပြန်ပါတယ်။

ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)ရဲ့ ဇွန်လ ၅ ရက်က ကျင်းပတဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေး သဘောတူညီချက်အရ ရှယ်ယာတစ်စုကို ကျပ် ၅၀၀ ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။အစုရှယ်ယာရှင်တွေကို အမြတ်ဝေစုခွဲဝေပေးမဲ့နေ့ကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။လာမဲ့ စက်တင်ဘာလ ၈ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်းမှာ စတော့ရှယ်ယာ အရောင်းအဝယ် ဆောင်ရွက် ထားတဲ့ ရှယ်ယာရှင်တွေက အမြတ်ဝေစုခံစားခွင့်ရရှိမှာဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှ ဝယ်မဲ့ရှယ်ယာရှင်ကတော့ အမြတ်ဝေစုကို ခံစားခွင့်ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ကစပြီး ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်အကြိုဈေးကွက်မှာ ASPGB ကုမ္ပဏီက အစုရှယ်ယာ အရောင်းအဝယ်တွေ စတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ်တွေကို ဆောင်ရွက်နေပြီး Pre Listing Board မှာတော့ အများပိုင်ကုမ္ပဏီ ၂ ခုက နေ့စဉ် အရောင်းအဝယ်တွေ ဆောင်ရွက်နေပါတယ်။




