ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း အထက်လွတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ထိုင်းနိုင်ငံအနေနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော်ကန့်သတ်မှုတွေအားလုံးကို ၂၄ နာရီအတွင်း မရုပ်သိမ်းရင် ထိုင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တင်သွင်းခွင့် ပိတ်တော့မယ်လို့ ဇွန်လ ၁၆ ရက်က သတိပေးခဲ့ တာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီအစီအမံကို သူ့ရဲ့သား လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်ကလည်း ထိုင်းဝန်ကြီးချုပ်ဆီ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ထိုင်းက နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကျပ်လိုက်တာ ကြောင့် ကမ္ဘေားဒီးယားဘက်ကလည်း တပ်တွေကို အသင့်အနေအထားရှိနေစေကာ နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီး ထိုင်းအင်တာနက် bandwidth တွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားက ထိုင်းနဲ့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ ICJ ကို တရားဝင်တောင်းဆိုထားပြီး ဟွန်ဆန်က ဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်းနဲ့ ICJ ရဲ့ဆုံးဖြတ်ချက်ကို လေးစားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထိုင်းရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ဖို့တိုက်တွန်းခဲ့ပြီး နယ်စပ် ပြဿနာတွေကြောင့် ခွဲခြားဆက်ဆံမှုတွေ များလာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။