အမေရိကန်နဲ့ ဗြိတိန်အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ရရှိကြောင်း ကြေညာပြီးနောက် ဝေါစထရိ စတော့အညွှန်းကိန်းတွေ မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မေလ ၈ ရက်က စလို့ စတော့အညွှန်းကိန်းတွေ မြင့်တက်လာတာဖြစ်ပြီး အမေရိကန်ရဲ့ အဓိက စတော့အညွှန်းကိန်း ၃ ခုလုံး မြင့်တက်လာတာပါ။

ဒိုဂျုန်း(Dow Jones Industrial Average) စတော့အညွှန်းကိန်းက ၀ ဒသမ ၆၂ ရာခိုင်နှုန်း၊ S&P 500 အညွှန်းကိန်း က ၀ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ နက်စ်ဒက်(Nasdaq) အညွှန်းကိန်းကတော့ ၁ ဒသမ ၀၇ ရာခိုင်နှုန်းအထိ မြင့်တက် လာပါတယ်။ အမေရိကန်နဲ့ ဗြိတိန်အကြား ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုပိုရှိလာပြီး စတော့ရှယ်ယာတွေ ဝယ်ယူမှု မြင့်တက်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ အထူးသဖြင့် မော်တော်ယာဉ် လုပ်ငန်း၊ လေကြောင်းလိုင်း၊ စွမ်းအင်နဲ့ နည်းပညာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု များလာတာပါ။

စွမ်းအင်ကဏ္ဍမှာ စတော့အညွှန်းကိန်းဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်တဲ့ Nvidia, Intel တို့ရဲ့ စတော့တွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။အမေရိကန်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံနဲ့လည်း ကုန်သွယ်ရေး သဘောတူညီချက် ရရှိဖို့အတွက် ဆွေးနွေးဖို့ ရှိနေပါတယ်။