ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ရန်ကုန်မှာ အထပ်မြင့် ရိုးရိုးတိုက်ခန်းနဲ့ မီနီကွန်ဒို တိုက်ခန်းတွေ အရောင်းအဝယ် အနည်းငယ် ကျဆင်းပြီး မြေကွက် ဝယ်လိုအား အနည်းငယ်တက်လာတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင် မှုအသင်း(ဗဟို)ကနေ သိရပါတယ်။ငလျင်ကြောင့် ဝယ်သူတွေက ရိုးရိုးတိုက်ခန်းနဲ့ မီနီကွန်ဒိုတွေကို ဝယ်ယူဖို့ စိုးရွံ့တာနဲ့ အခန်းတန်ဖိုးတွေ မြင့်တက် လာတာတွေကြောင့် ခုလို အရောင်းအဝယ် ကျဆင်းနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ပြောပါတယ်။

အခုလို တိုက်ခန်းတွေ အရောင်းအဝယ်ကျဆင်းနေပေမယ့် ဆောက်လုပ်စရိတ် ကြီးမြင့်တဲ့အတွက် ဈေးနှုန်းတွေ ကတော့ မကျဘူးလို့ ဆိုပါတယ်။ မြေကွက်ဈေးနှုန်းတွေကတော့ ပေ ၄၀ ပေ ၆၀ တစ်ကွက်ဟာ အရင်ကထက် ကျပ်သိန်း ၅၀ ကနေ ၁၀၀ ကြား မြင့်တက်လာတယ်လို့ သိရပါတယ်။လက်ရှိမှာ ရိုးရိုးတိုက်ခန်းရဲ့ ဈေးနှုန်းက ၁ စတုရန်းပေကို အနည်းဆုံး ကျပ် ၁ သိန်းကနေ ၂ သိန်းကြား၊ ဓာတ်လှေ ကားပါ မီနီကွန်ဒို တစ်ခန်းဈေးနှုန်းကတော့ ၁ စတုရန်းပေကို ကျပ် ၂ သိန်း ကနေ ကျပ် ၃ သိန်းကြား ရှိပြီး တည်နေရာနဲ့ အလွှာပေါ်မူတည်ကာ ဈေးနှုန်း အပြောင်းအလဲရှိနိုင်တယ်လို့ သိရပါတယ်။

လတ်တလောမှာ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံဘက်က မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေပြီး ပေ ၄၀ ပေ ၆၀ တစ် ကွက်ကို တည်နေရာပေါ် မူတည်ပြီး ကျပ်သိန်း ၃၀၀၊ ၄၀၀ ကနေ ကျပ်သိန်း ၅၀၀၀၊ ၆၀၀၀ အထိ ပေါက်ဈေး ရှိနေတယ်လို့ အိမ်ခြံမြေဈေးကွက်က သိရပါတယ်။ရန်ကုန်မှာ ကွန်ဒိုတိုက်ခန်း အရောင်းဈေးကွက်က ကျဆင်းနေပေမယ့် တိုက်ခန်းအငှား ဈေးကွက်ကတော့ မြင့် တက်ဆဲ ဖြစ်ပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။