အမေရိကန်ဒေါ်လာသန်း ၁၃၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်ရှိ Peninsula Hotels စီမံကိန်း ကို ရပ်ဆိုင်းလိုက်တယ်လို့ ဂျပန်သတင်းစာ NIKKEI Asia က ဖော်ပြထားပါတယ်။ ဇိမ်ခံဟိုတယ် အုပ်စုကြီး တစ်ခုဖြစ်တဲ့ Peninsula Hotels လုပ်ငန်းက မြန်မာနိုင်ငံမှာရှိတဲ့ စီမံကိန်းကို စာရင်းကနေ အပြီးအပြတ် ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်မယ့် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံ ထားတဲ့ငွေအားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်ပြီး စာရင်းက ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လကုန်အထိ ရန်ကုန် Peninsula စီမံကိန်းအတွက် ကျန်ရှိတဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ဟောင်ကောင် ဒေါ်လာ သန်း ၁၆၀ (အမေရိကန်ဒေါ်လာအနေနဲ့ ၂၀ ဒသမ ၅၁ သန်း)ဆုံးရှုံးငွေအဖြစ် စာရင်းသွင်းမှာဖြစ်ကြောင်း ရန်ကုန်မြို့ Peninsula Hotel စီမံကိန်းကို လည်ပတ်တဲ့ တရုတ်(ဟောင်ကောင်)နဲ့ ရှန်ဟိုင်း ဟိုတယ်တွေက ပြောကြားခဲ့တာပါ။

Peninsula Hotels စီမံကိန်းဟာ အရင်ကိုလိုနီခေတ်ဟောင်းလက်ရာဖြစ်တဲ့ မြန်မာ့မီးရထားဌာနချုပ်နေရာကို ပြန်လည်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အခန်း ၈၈ ခန်းပါ ဟိုတယ်တစ်ခု တည်ဆောက်မယ့် စီမံကိန်းဖြစ် ပါတယ်။ အဲဒီစီမံကိန်းကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ လျာထားခဲ့တယ်လို့ သိရပါတယ်။