အခုနှစ်ဆန်းပိုင်းမှာ ဘိလပ်မြေပစ္စည်း ပြတ်ပြီးနောက် ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းငယ်တချို့ ရပ်နားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။ ဒီကာလမှာ မဖြစ်မနေဆောက်လုပ်ဖို့ လိုအပ်နေတဲ့ ကိုယ်ပိုင်အိမ်တွေနဲ့ နေရာအကွက်အကွင်းကောင်းပြီး ဈေးကောင်းရနိုင် မယ့် နေရာမျိုးတွေလောက်မှာသာ ကန်ထရိုက်တိုက်ဆောက်လုပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်ပကနေ တင်သွင်းလာတဲ့ ဘိလပ်မြေတန်ချိန် ၃၀၀၀ ဟာ ရန်ကုန်မြို့ ရွှေပြည်သာ မုတ္တမ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၂၁ ရက်က ရောက်ရှိပြီး ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးနေတယ်လို့ သိရပါတယ်။ပြည်ပကနေ ဘိလပ်မြေတွေ ပြန်ဝင်လာပြီဖြစ်ပေမယ့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာသာ ဆက်ရှိနေဆဲဖြစ်တယ် လို့ ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။ ဘိလပ်မြေ ဈေးနှုန်းတည်ငြိမ်ရင်တော့ ရပ်နားထားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်စလာနိုင်ဖွယ်ရှိတယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ထားကြပါတယ်။ အရင်ကဆိုရင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းသုံး သံထည် ရောင်းအားက နှစ်စဉ် တန်ချိန် သိန်း ၂၀ လောက် ရှိခဲ့ပြီး လက်ရှိမှာ ၄၀ ရာခိုင်နှုန်းလောက် ကျလာတယ်လို့ သံချောင်းရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

သံထည်ဈေးနှုန်းတွေအနေနဲ့ ပြည်ပက တင်သွင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး HRB ၅၀၀ သံချောင်းတစ်တန် ကို ကျပ်သိန်း ၃၀ ဝန်းကျင်၊ HRB ၄၀၀ သံချောင်းတစ်တန်ကို ကျပ် ၂၅ သိန်းဝန်းကျင်နဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ သံချောင်းတစ်တန်ကို ကျပ် သိန်း ၃၀ ဝန်းကျင်ပေါက်ဈေး ရှိနေတယ်လို့ ဆိုပါတယ်။ တစ်အိတ်ကို ကျပ် ၁ သောင်းကျော်သာရှိခဲ့တဲ့ ဘိလပ်မြေက အခု ဆိုရင် အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၂ သောင်း ၆ ထောင်ကနေ ကျပ် ၂ သောင်း ၇ ထောင်ဝန်းကျင် ပေါက်ဈေးရှိနေပြီး အုတ်၊ သဲ၊ ကျောက်နဲ့ အိမ်ဆောက်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အမြင့်ပိုင်းမှာ ဆက်ရှိနေပါတယ်။