မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေစက်ရုံကနေ လာမယ့် မေလလယ်ကစတင်ကာ နေ့စဥ် ဘိလပ်မြေအိတ်အလုံး ၁ သိန်း ထုတ်နိုင်ဖို့ စီစဥ်နေတယ်လို့ ကျောက်ဆည် ခရိုင်တာဝန်ရှိသူတွေဆီက သိရပါတယ်။

လက်ရှိမှာ ဘိလပ်မြေစက်ရုံတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အပိုင်းတွေကို ပြန်လည်ပြင်ဆင်နေပြီး အမြန်ဆုံး လုပ်ငန်းလည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ကျောက်ဆည်မြို့နယ်အတွင်းမှာ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်တဲ့ Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနဲ့ ဆင်မင်းဘိလပ်မြေစက်ရုံတွေရှိပြီး ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှာ လာမယ့် မေလ ၁၅ ရက် နေ့မှစတင်ကာ နေ့စဥ်အိတ်တစ်သိန်း ထုတ်နိုင်ဖို့ အစိုးရအဖွဲ့ကလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေ ပြန်လည်တည်ဆောက်ရေးတွေလုပ်တော့မှာ ဖြစ်တဲ့အတွက် ဘိလပ်မြေအိတ်တွေ နေ့စဥ်ထုတ်လုပ်နိုင်မယ်ဆိုရင် စျေးကွက်လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်မှာ ဖြစ်တယ်လို့ ကျောက် ဆည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောပါတယ်။ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ ဘိလပ်မြေတွေကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်နိုင် ဖို့ တာဝန်ရှိသူတွေ စုပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။