ပြင်းထန်မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် လတ်တလော နေပြည်တော်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်း အဝယ်ထက် အငှားဈေးကွက် ပိုမိုလှုပ်ရှားလာသလို တိုက်ခန်းတွေထက် မြေကွက်တွေကိုပဲ အရောင်းအဝယ် ပြုလုပ်လာကြတယ်လို့ နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေက one news ကို ပြောပါ တယ်။

လတ်တလောမှာ ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားသူတွေဟာ နေအိမ် မပြုပြင်နိုင်သေးတာ၊ အသစ် ပြန်လည် မဆောက်နိုင်သေးတာတွေနဲ့ မိသားစုများပြားလို့ ယာယီနေထိုင်ရာနေရာတွေမှာ မနေထိုင်လိုတာတွေ ကြောင့် အိမ်ငှားရမ်းနေထိုင်သူတွေ များပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။ ငလျင်ကြီးဘေးကြောင့် အထပ်မြင့်တိုက်ခန်းတွေထက် မြေကွက်ကိုစိတ်ဝင်စားမှု ပိုမိုများပြားပြီး မြေကွက်တွေ အရောင်းအဝယ် ပိုဖြစ်လာနိုင်တယ်လို့ နေပြည်တော် သပြေကုန်းဈေးအနီးရှိ MKK အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းမင်းက ပြောပါတယ်။ အရောင်းအဝယ်ဈေးကွက်အတွင်းမှာ အထပ်မြင့်တိုက်ခန်းတွေထက် မြေကွက်တွေကို စိတ်ဝင်စားမှု ပိုများလာ တယ် ဆိုပေမယ့် ဈေးသိသိသာသာ မြင့်တက်သွားတာမျိုးမရှိဘဲ အငှားဈေးကွက်မှာတော့ ဈေးနှုန်းတွေ မြင့်တက် လာတာမျိုး ရှိလာတယ်လို့ နေပြည်တော် အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးလှမျိုးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့်နေစရာအခက်ကြုံနေချိန်မှာ အိမ်ငှားရမ်းခကိုဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် တတ်နိုင်သရွေ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ပေးနေတယ်လို့လည်း ဦးလှမျိုးက ပြောပါတယ်။နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက ပုဗ္ပသီရိမြို့နယ်၊ သပြေကုန်း၊ သာယာကုန်းနဲ့ ရွှေကြာပင်ရပ်ကွက် အစ ရှိတဲ့ နေရာတွေမှာတော့ လတ်တလော အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် လူထောင်နဲ့ချီသေဆုံးပြီး ဒဏ်ရာရရှိ သူ များခဲ့သလို သာသနိကအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ လမ်းတံတားတွေ၊ ပြည်သူတွေရဲ့ အိုးအိမ် တိုက်တာတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။