ပြည်ပကို အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်လုပ်ကိုင်မယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်အကိုင်မှတ်ပုံတင်ကတ် OWIC ထုတ်ပေးတာကို လတ်တလော ရပ်ဆိုင်းထားတဲ့ အပေါ် အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားမယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် မှတ်ပုံတင်ကတ် OWIC ထုတ်ပေးတာကို ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုလို OWIC ထုတ်ပေးတာကို ရုတ်တရက် ရပ်ဆိုင်းလိုက်တဲ့အတွက် လတ်တလော ပြည်ပထွက်ခွာဖို့ အလုပ်ခေါ် စာ ရပြီးသူတွေနဲ့ စာချုပ်ချုပ်ဖို့ဆောင်ရွက်နေတဲ့ အမျိုးသားတွေအတွက် အခက်အခဲ ဖြစ်သွားစေတယ်လို့ ပြည် ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြည်ပအလုပ်အကိုင်မှတ်ပုံတင်ကတ် OWIC ထုတ်ပေးပြီးတဲ့ အမျိုးသားတွေကိုတော့ ပြည်ပထွက်ခွာ အလုပ်လုပ် ခွင့်ကို ခွင့်ပြုထားပြီး လတ်တလော OWIC ထုတ်ပေးမှု ရပ်ဆိုင်းတဲ့အပေါ် ပြန်လည်ထုတ်ပေးဖို့အတွက် သက်ဆိုင် ရာ အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေအားလုံး ပြည်ပကို PJ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်အလုပ် လုပ်မယ်ဆိုရင် စစ်မှုထမ်းစာရင်းမှာ မိမိနာမည် ပါ၊မပါ စိစစ်ဖို့ လိုပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၅၁ မှာ ပြည်သူ့စစ်မှုထမ်းဖို့ အမိန့်စာ ရရှိသူဟာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။