မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် DTH ရုပ်သံလိုင်းသစ်ဖြစ်တဲ့ Myansat DTH ရုပ်သံလိုင်းသစ်ကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်ထုတ်လွှင့်နေပြီ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဲဒီရုပ်သံလိုင်းထုတ်လွှင့်မှု ဖွင့်လှစ်တဲ့အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Myansat DTH ရုပ်သံလိုင်းမှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ရိုးရာထုံးတမ်းအစဉ်အလာတွေကို ပြသမယ့် အစီအစဉ်တွေ၊ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာဖျော်ဖြေရေးအစီအစဉ်တွေကို အများပြည်သူတွေအတွက် တင်ဆက်ပေးနေတဲ့ ဖျော်ဖြေရေးမီဒီယာတွေနဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ ရုပ်သံအစီအစဉ်တွေ၊ ရသမျိုးစုံ၊ ဗဟုသုတမျိုးစုံ ပေးနိုင်မယ့် နိုင်ငံတကာရုပ်သံလိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။Myansat DTH မှာ ရုပ်သံလိုင်း ၉၈ လိုင်းပါဝင်တဲ့ Myansat DTH Package 1 နဲ့ ရုပ်သံလိုင်း ၁၇၆ လိုင်း ပါဝင်တဲ့ Myansat DTH Package 2 ဆိုပြီး Package ၂ မျိုး ခွဲခြားထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေပြည် တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Myansat DTH အရောင်းကိုယ်စားလှယ်တွေခန့်ပြီး ဝန်ဆောင်မှုပေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။Borderless Broadcast ကုမ္ပဏီလီမိတက်အနေနဲ့ Myansat DTH ရုပ်သံလိုင်းထုတ်လွှင့်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။