MSME လုပ်ငန်းရှင်တွေအနေနဲ့ စက်မှုဇုန်တွေမှာရှိတဲ့ မြေလွတ်နေရာတွေ၊ တခြားမြေလွတ်မြေရိုင်းတွေမှာ ဆိုလာစနစ်နဲ့ တစ်ပိုင်တစ်နိုင်လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်စေလိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ဖေဖော်ဝါရီ၅ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် MSMEထုတ်ကုန် ပြပွဲနဲ့ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

အဲ့ဒီလိုဆောင်ရွက်ခြင်းအားဖြင့် စက်မှုဇုန်တွေမှာ လျှပ်စစ်မီးမလုံလောက်တဲ့စိန်ခေါ်မှုကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိသီလဝါစက်မှုဇုန်မှာ ကုမ္ပဏီ၆ခုက ဆိုလာစနစ်နဲ့လျှပ်စစ်ဓာတ်အား ၄ဒသမ၉မဂ္ဂါဝပ်ကျော်ထုတ်လုပ်သုံးစွဲနေပြီး အဲ့ဒါကိုနမူနာယူကာ တခြားကုမ္ပဏီတွေကလည်း ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ၈မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဆိုလာစနစ်နဲ့ဆောင်ရွက်တဲ့ ကုန်ကျတဲ့ငွေပမာဏဟာ နှစ်အနည်းငယ်နဲ့ အရင်းကြေနိုင်ပြီး ဥပမာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ၂၀မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့တဲ့၂နှစ်ခန့်က စတင်အသုံးပြုခဲ့ရာမှာ လာမယ့်တစ်နှစ်ခွဲအတွင်း အရင်းကြေကာလပြည့်မြောက်မယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။