သြစတြေးလျ Qantas group က သူတို့ရဲ့ စင်ကာပူအခြေစိုက် လေကြောင်းလိုင်း ဖြစ်တဲ့ Jetstar Asia ကို လုပ်ငန်းကုန်ကျစရိတ်တွေများပြားလာတာနဲ့ လုပ်ငန်းပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေကြောင့် ပိတ်သိမ်းတော့ မှာဖြစ်တယ်လို့ ဇွန်လ ၁၁ ရက် CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၃၁ ရက်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မှာဖြစ်ပြီး လာမယ့် ၇ ပတ်အတွင်းထိတော့ လေယာဉ်ခရီးစဉ် တွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ခရီးသည်တွေကို လေယာဉ်လက်မှတ်ဖိုး အပြည့် အဝ ပြန်အမ်းသွားမှာဖြစ်ပြီး တခြားလေကြောင်းလိုင်းတွေနဲ့ ချိတ်ဆက်ကာ ပြန်လည်စီစဉ်ပေးသွားမှာ ဖြစ်ပါ တယ်။အလုပ်ထုတ်ခံရမယ့် ဝန်ထမ်း ၅၀၀ ကျော်အတွက်လည်း အကျိုးခံစားခွင့်တွေ ပြန်ပေးသွားမယ့်အပြင် Qantas Group မှာရော တခြားလေကြောင်းလိုင်းတွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေပေးသွားမှာ ဖြစ်ပါ တယ်။ စင်ကာပူလုပ်သားသမဂ္ဂ(SMMWU)ကလည်း ထုတ်ပယ်ခံရမယ့် ဝန်ထမ်းတွေအတွက် မျှတတဲ့ လျော်ကြေး ရရှိရေး၊ အလုပ်အကိုင်ရှာဖွေရေးနဲ့ ငွေကြေးအထောက်အပံ့တို့နဲ့ပတ်သက်လို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို ပိတ်သိမ်းလိုက်တာကြောင့် အာရှမှာပြေးဆွဲတဲ့ လေကြောင်းလိုင်း ၁၆ ခု ထိခိုက်မှာဖြစ်ပြီး သြစတြေးလျနဲ့ နယူးဇီလန်က ပြည်တွင်းနဲ့ နိုင်ငံတကာခရီးစဉ်တွေနဲ့ Jetstar Japan ခရီးစဉ်တွေတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Jetstar Asia ရဲ့ Airbus A320 လေယာဉ် ၁၃ စင်းကို သြစတြေးလျနဲ့ နယူးဇီလန်ကို အဆင့်ဆင့် လွှဲပြောင်းပေးသွားမယ်လို့ Qantas က ဆိုပါတယ်။Jetstar Asia လေကြောင်းလိုင်း ပိတ်သိမ်းဖို့ သြစတြေးလျဒေါ်လာ ၁၇၅ သန်း ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး Jetstar Asia က လက်ရှိဘဏ္ဍာနှစ်မှာ အတိုးနဲ့ အခွန်တွေ မဆောင်ရသေးခင်မှာပဲ သြစတြေးလျဒေါ်လာ ၃၅ သန်း ဆုံးရှုံးနစ်နာဖို့ ရှိနေတာဖြစ်ပါတယ်။