Apple Intelligence ပါ၀င်တဲ့ iPhone 16e အသစ်ကို Apple ကုမ္ပဏီက မိတ်ဆက်လိုက်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၉ ဝန်းကျင်ရှိတယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။

iPhone 16e မှာ စွမ်းဆောင်ရည်မြင့် A18 Chip ၊ Apple Intelligence ၊ ပိုမိုတာရှည်ခံ ဘက်ထရီနဲ့ 48MP 2-in-1 ကင်မရာစနစ်တို့ ပါဝင်ပါတယ်။ တစ်ဖက်မှာလည်း Samsung နဲ့ Huawei တို့က သူတို့ထုတ်လုပ်တဲ့စမတ်ဖုန်းတွေမှာ AI ကိရိယာ တွေ အပြိုင်အဆိုင် ပေါင်းထည့်နေချိန်မှာ Apple ကလည်း အပြိုင်မိတ်ဆက်လာတာဖြစ်ပါတယ်။ iPhone 16e ရဲ့ အားသာချက်ကတော့ ChatGPT အသုံးပြုဖို့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ Apple Intelligence လုပ်ဆောင် ချက်အစုံပါဝင်သလို မိတ်ဆက်လာခဲ့တဲ့ iPhone တွေထဲမှာ ထူးခြားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံး ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Apple ဟာ တရုတ်နဲ့အိန္ဒိယ ဈေးကွက်တွေမှာ အခြားသော စမတ်ဖုန်းတွေနဲ့ယှဉ်ပြိုင်နေရတာပါ။ ပြီးခဲ့တဲ့ သုံးလ ပတ်အတွင်းက ဈေးကွက်တွေမှာ iPhone ရောင်းအားတွေက ကျဆင်းခဲ့တာကြောင့် လက်ရှိမှာ ဈေးကွက်ဝေစုနဲ့ ရောင်းအားပြန်လည်မြှင့်တင်ဖို့အတွက် Apple Intelligence ပါ၀င်တဲ့ iPhone 16e အသစ်ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။