ဩဂုတ်လအတွက် ဆန်ရည်ညွှန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ရည်ညွှန်းဈေးအတိုင်းပဲ အပြောင်ပလဲမရှိ တည်ငြိမ်နေတာကို စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြည်တွင်းစား ဆန်တချို့နဲ့ ဆန်သစ်ဈေးနှုန်းတွေက ဇွန်လထက် ဈေးအနည်းငယ် မြင့်တက်ခဲ့ပြီး ပြည်ပတင်ပို့တဲ့ ဆန်အမျိုးအစားတွေကတော့ ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ အခုလမှာလည်း ဇူလိုင်လ ရည်ညွှန်းဈေးအတိုင်း ဆန်ဈေးတွေက တည်ရှိနေတာပါ။

ပြည်ပတင်ပို့တဲ့ ဧည့်မထအုပ်စုအတွင်းက ဆန်တွေကို အကျိုးအကြေ ရာခိုင်နှုန်းအလိုက် ဆန်တစ်အိတ်ကို ကျပ် ၅၉၀၀၀ ကနေ ၇၁၀၀၀ အတွင်း ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ပြည်ပ တင်ပို့သလို ပြည်တွင်းမှာပါ စားသုံးတဲ့ ဆန်အုပ်စုတွေကိုတော့ တစ်အိတ်ကျပ် ၆၈၀၀၀ ကနေ ၇၈၀၀၀ အတွင်းနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက ထွက်ရှိတဲ့ ဧရာမင်း၊ ဧရာပဒေသာ ၊ မဂျမ်းတော ဆန်တစ်အိတ်ကို ကျပ် ၁၂၂၀၀၀ ကနေ ၁၃၅၀၀၀ အတွင်း အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားတာပါ။ ဒါ့အပြင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့က ထွက်ရှိတဲ့ ရွှေသွယ်၊ အညာသား၊ ပခန်း၊ ဆင်းသုခ၊ ရက် ၉၀၊ လုံးသွယ်မွှေး၊ ဧရာပဒေသာ၊ ဧရာမင်း စတဲ့ ဆန်တွေကတော့ ကျပ် ၇၅၀၀၀ ကနေ ၉၉၀၀၀ ကြား သတ်မှတ်ထား ပါတယ်။

ဧရာဝတီပေါ်ဆန်းတွေကတော့ ကျပ် ၁၁၃၀၀၀ ကနေ ၁၂၅၀၀၀ ကြား၊ ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲတွေ ကတော့ ကျပ် ၉၀၀၀၀ ကနေ ၁၀၂၀၀၀ ကြား၊ ပေါ်ဆန်းအုပ်စုဝင် ဘေးကြား နဲ့ ကြားပျံတွေကလည်း အမျိုး အစားအလိုက် ကျပ် ၁၁၉,၀၀၀ ကနေ ၁၃၅,၀၀၀ အကြား သတ်မှတ်ထားပါတယ်။ ရွှေဘိုပေါ်ဆန်းကတော့ ကျပ် ၁၃၅,၀၀၀ ကနေ ၁၅၅,၀၀၀ သတ်မှတ်ထားတာပါ။ဆန်တွေကို ဈေးကွက်အတွင်း ရောင်းချတဲ့အခါ အခုသတ်မှတ်ထားတဲ့ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ အသိပေးထားပါတယ်။ သတ်မှတ်နှုန်းထားတွေထက် ဈေးနှုန်းမြှင့်တင် ရောင်းချ တာနဲ့ အရည်အသွေး မမှန်မကန်ရောင်းချရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူ ဆောင်ရွက်နေတာကြောင့် ဆန်စက်တွေ၊ ဆန်ဆိုင်တွေ၊ ကုန်သည်တွေ၊ ဆန်လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာ ဆောင်ရွက်ဖို့ကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားပါတယ်။