ဂျပန်ရဲ့ အကြီးဆုံး သံမဏိထုတ်လုပ်သူ Nippon Steel က သံမဏိစက်ရုံအသစ် တည်ဆောက်ဖို့အပါအဝင် အမေရိကန် သံမဏိလုပ်ငန်း US Steel မှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Nippon Steel က US Steel ရဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေကို အဆင့်မြှင့်တင်ဖို့အတွက် လာမယ့် ၂၀၂၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ထည့်ဝင်သွားဖို့ ရှိနေတာ ဖြစ်ပြီး သံမဏိစက်ရုံအသစ် တည်ဆောက်ဖို့ အတွက်လည်း ကန်ဒေါ်လာ ၁ ဘီလီယံကနေ ၄ ဘီလီယံအထိ ထည့်ဝင်သွားဖို့ ရှိနေပါတယ်။Nippon Steel ရဲ့ ဒီရင်းနှီးမြှုပ်နှံမှုအစီအစဉ် ထွက်ပေါ်လာပြီးနောက် US Steel ရဲ့ရှယ်ယာတွေဟာ ၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ Nippon Steel ဟာ အမေရိကန်အခြေစိုက် သံမဏိ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ U.S Steel ကို ဝယ်ယူကာ ကုမ္ပဏီချင်း ပေါင်းစည်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီရင်းနှီး မြှုပ်နှံမှုတွေဟာ ထရမ့်အစိုးရဲ့ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ရရှိမှသာ ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက Nippon Steel ဟာ U.S Steel ကို ဝယ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံခြားပိုင်ဆိုင်မှုဆိုင်ရာ အမျိုးသားလုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဂျိုးဘိုင်ဒန် အစိုးရက ဒီဝယ်ယူမှုကို ဟန့်တား ထားတာပါ။ လက်ရှိမှာတော့ ထရမ့်အစိုးရက ဒီအရောင်းအဝယ်နဲ့ ပတ်သက်လို့ ပြန်သုံးသပ်မှုတွေ လုပ်နေပြီး မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားဖို့ ရှိနေပါတယ်။