အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးစစ် စတင်မယ့်အခြေအနေကြောင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုအပေါ် စိုးရိမ်မှုတွေ တိုးလာပြီး ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်းကို ရောက်ခဲ့တယ်လို CNN သတင်းမှာ ဖော်ပြပါတယ်။မနေ့က မတ်လ ၁၄ ရက်နေ့မှာ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၀၀၄ ဒေါ်လာအထိ အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဒေါ်လာ ၃၀၀၀ အောက်ကို အနည်းငယ် ပြန်လည်ကျဆင်းသွားပါတယ်။

ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေအတွင်း ရွှေကို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ကြတာကြောင့် အခုနှစ်အတွင်းမှာတင် ရွှေတုံးရွှေခဲတွေရဲ့ ဈေးနှုန်းက ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂၅ရာခိုင်နှုန်းကောက်ခံပြီးနောက် ကနေဒါနဲ့ ဥရောပသမဂ္ဂတိုကလည်း အမေရိကန်သွင်းကုန်တွေအပေါ် တန်ပြန်အခွန်တိုးကောက်ခဲ့ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ အဖျော်ယမကာတွေအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်မယ်လိုလည်း ခြိမ်းခြောက်ထားပါတယ်။

ထရမ့်အစိုးရအဖွဲရဲ့ ကုန်သွယ်ရေးမတည်ငြိမ်အောင် ဆောင်ရွက်ချက်တွေအပြင် ရွှေဈေးနှုန်းမြင့်တက်စေတဲ့ နောက်ထပ်တစ်ချက်က ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ဖြစ်တယ်လို သိရပါတယ်။ယူကရိန်းနဲ့ ရုရှားအကြား စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ရွှေဈေးက ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို CNN သတင်းမှာ ဖော်ပြထားပါတယ်။