ငလျင်ဘေးနဲ့ရေကြီးရေလျှံမှုသဘာဝဘေးကြောင့် တောင်ပေါ်ဒေသ ရှမ်းပြည်နယ်ကထွက် ခရမ်းချဥ်သီး၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ဥနီ၊ ပဲသီး ၊ဂေါ်ရခါးသီး၊ မုန်ညှင်း၊ အာလူး စတဲ့ ကုန်စိမ်းသီးနှံတွေ ရှားပြီး စျေးမြင့်တက်နေတယ်လို့ မကွေးမြို့က ရှမ်းကုန်ရောင်းချသူတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်းက ကုန်စိမ်းသီးနှံတွေ မထွက်ရှိတော့တာကြောင့် ရှမ်းကုန်စိမ်းတွေကို မှာယူ ရောင်းချ နေရတာပါ။ရှမ်းကုန်တွေဟာ လိုသလောက်မရဘဲ ပစ္စည်းရှားတော့ ရောင်းအားကျပေမယ့်လည်း စျေးမြင့်တက်နေတယ်လို့ မကွေးမြို့ ကန်သာစျေးက ရှမ်းကုန်ရောင်းချသူ မခိုင်ခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ရှမ်းကုန်စျေးက သြဂုတ်လဝန်းကျင်လောက်မှသာ စျေးတက်လေ့ရှိပြီး အခုနှစ်မှာတော့ ဇွန်လကတည်းက စျေးတွေ တဖြည်းဖြည်း မြင့်တက်နေတာလို့ ဆိုပါတယ်။လက်ရှိ ရှမ်းကုန်စျေးကွက်မှာ ခရမ်းချဥ်သီးက စျေးအမြင့်ဆုံး ဖြစ်နေတာပါ။ စျေးကွက်လည်း မြင့်တက်နေသလို ပြန်လည် ရောင်းချတဲ့နေရာမှာလည်း လာဝယ်သူ နည်းပါးတဲ့အတွက် ရောင်းအားကလည်း ထက်ဝက်ကျော် လောက် ကျဆင်းနေတယ်လို့ ရှမ်းကုန်ရောင်းချသူတွေက ပြောပါတယ်။