Intel ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနဲ့ ဝန်ထမ်းအများအပြား လျှော့ချသွားမှာဖြစ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်လိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီကြေညာချက်တွေထဲမှာ အလုပ်တွေလျှော့ချတာ၊ ကုမ္ပဏီဖွဲ့စည်းပုံ ပြန်ပြင်တာ၊ အဓိကမကျတဲ့ ထုတ်ကုန်တွေ ဖယ်ရှားတာနဲ့ ရုံးပြန်တက်ရမယ့်ရက်တွေ တိုးလိုက်တာတွေ ပါဝင်ပါတယ်။

ကုမ္ပဏီရဲ့ အားရစရာ မရှိတဲ့ ပထမသုံးလပတ်ဝင်ငွေနဲ့ ရှယ်ယာဈေးတွေ ၅ ရာခိုင်နှုန်းလောက် ကျသွားတဲ့အချိန်မှာ ဒီကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က Intel ရဲ့ ယဉ်ကျေး မှုကို ပြောင်းလဲဖို့ဆိုတာ အချိန်ယူရမယ့် လုပ်ငန်းစဉ်ကြီးဖြစ်ပြီး “ တီထွင်ဆန်းသစ်မှုနဲ့ လျင်မြန်သွက်လက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဗျူရိုကရေစီစနစ်” ကို ဖယ်ရှားဖို့ လိုတယ်လို့ ဆိုပါတယ်။Intel အနေနဲ့ လာမယ့်လတွေမှာ ဝန်ထမ်း ဘယ်လောက်အထိ လျှော့ချသွားမလဲ ဆိုတာကိုတော့ အတိအကျ ကြေညာထားတာ မရှိသေးပါဘူး။

ဒါပေမဲ့ ဒီအပြောင်းအလဲတွေကို လာမယ့် ဒုတိယသုံးလပတ်အတွင်းမှာ စတင်ပြီး လပေါင်းများစွာ အချိန်ယူ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ Intel ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် လတုန်းကလည်း ဝန်ထမ်း ၁၅ ရာခိုင်နှုန်း(လူ ၁၅,၀၀၀ လောက်)ကို လျှော့ချခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ လူ ၂၀,၀၀၀ နီးပါးအထိရှိတဲ့ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းလောက်အထိ ထပ်မံလျှော့ချသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။