သင်္ဘောသားအလုပ်အကိုင်ရရှိဖို့အတွက် ပေးရတဲ့ ရိုက်ကြေးတွေ မြင့်တာကြောင့် သင်္ဘောတက်ချင်တဲ့ လူသစ် သင်္ဘောသားအများစုမှာ အခက်အခဲတွေ ရှိနေတယ်လို့ သင်္ဘောသားအလုပ်အကိုင်အသိုင်းအဝိုင်းက သိရပါတယ်။ သင်္ဘောသားလောကမှာ ရိုက်ကြေးဆိုတာ အေးဂျင့်တွေကို ပေးသွင်းရတဲ့ ပွဲစားခဖြစ်ပြီး သင်္ဘောသားတွေထဲမှာ လူသစ်တွေသာမက လူဟောင်းတွေပါ ရိုက်ကြေး ပေးသွင်းနေရတာဖြစ်ပြီး လက်ရှိမှာ လူသစ်သင်္ဘောသားတစ် ယောက်အတွက် ရိုက်ကြေးက အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၆၀၀၀ လောက်အထိ ရှိတယ်လို့ သိရပါတယ်။

လူသစ်သင်္ဘောသားတစ်ယောက်ဟာ သင်္ဘောစတက်ရင် ရရှိတဲ့ အခြေခံလစာက ဒေါ်လာ ၁၅၀ လောက် သာရှိပြီး အချိန်ပိုကြေးနဲ့ တခြားအလုပ်တွေပါ ပိုလုပ်ရတဲ့သင်္ဘောမျိုးမှာ လိုက်ရရင်တော့ တစ်လကို ဒေါ်လာ ၅၀၀ ကျော် ၆၀၀ လောက်ရရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လူသစ်သင်္ဘောသားတွေအနေနဲ့ ရိုက်ကြေးပေးရမှာ များတဲ့ အတွက် အတိုးနဲ့ငွေချေးငှားပြီး လုပ်တာတွေကို ဂရုတစိုက်လုပ်ဆောင်ကြဖို့ အသိပေးပြောကြားနေရတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောပါတယ်။သင်္ဘောသားအလုပ်အကိုင်ရရှိဖို့အတွက် ပေးရတဲ့ရိုက်ကြေးကများပြီး ပြန်ရတဲ့လစာက နည်းတဲ့အခါ ပြင်ပကနေ အတိုးနဲ့ငွေချေးပြီး သင်္ဘောလိုက်ရတဲ့သူတွေအတွက် အကြွေးသံသရာမှာ နှစ်အတော် ကြာ လည်နေနိုင်တယ်လို့ လူသစ်သင်္ဘောသားမိသားစုဝင်တစ်ယောက်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ရေကြောင်းအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာ့လုံးကိုသွားနေတဲ့ သင်္ဘောတွေ အတွက် သင်္ဘောသားလိုအပ်ချက် ၃ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက လူသစ်သင်္ဘောသား တွေမှာ အင်္ဂလိပ်စကား လိုအပ်ချက် ရှိနေကြပြီး အလုပ်ရှင်လိုချင်တဲ့ အရည်အသွေးသာပြည့်မီရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကပ္ပတိန်စိုးမင်အောင်က ပြောပါတယ်။ မြန်မာနိုင်ငံ တရားဝင်သင်္ဘောသားအဖြစ် မှတ်ပုံတင်ထားသူက ၁ သိန်း ၃ သောင်းကျော်လောက်ရှိပြီး ၅ သောင်းလောက်သာ သင်္ဘောပေါ် အတက်အဆင်း လုပ်နေကြတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၅ သောင်းလောက်က သင်္ဘောသားလောကနေ အနားယူသွားကြပြီး ၃ သောင်းကျော်လောက်ကတော့ အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ သိရပါတယ်။