ပြည်တွင်းမှာ အသုံးပြုနေတဲ့ လုပ်ငန်းသုံးယာဉ်တွေရဲ့ စျေးနှုန်းဟာ ကားစျေးကွက်အတွင်းမှာ စျေးနှုန်း မြင့်တက် နေတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်၊၊

လုပ်ငန်းသုံးယာဉ်တွေ တင်သွင်းခွင့် ပါမစ်ပိတ်ထားတဲ့အတွက် လက်ရှိပြည်တွင်း ကားအဟောင်းစျေးကွက်တွေမှာ ဝယ်လိုအားများနေပြီး ကားအဟောင်းစျေးနှုန်းတွေကလည်း စျေးမြင့်တက်နေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊လုပ်ငန်းသုံးယာဉ်တွေဟာ အချိန်မရွေးလိုအပ်တဲ့ ကားအမျိုးအစားဖြစ်ပြီး အခုလို တင်သွင်းခွင့် ပိတ်ထားတဲ့ အတွက် လိုအပ်ချက်မြင့်ပြီး စျေးနှုန်း မြင့်တက်နေတာဖြစ်တယ်လို့ ဦးမင်းမင်းမောင်ကပြောပါတယ်၊၊

လက်ရှိ လုပ်ငန်းသုံးယာဉ်တွေထဲက အပေါ့စား သုံးရတဲ့ ဟိုက်ဂျက်ကားရဲ့စျေးနှုန်းဟာ ကားစျေးကွက်အတွင်းမှာ ငွေကျပ် သိန်း ၆၀၀ ဝန်းကျင်လောက်ရှိနေပြီး လုပ်ငန်းသုံးယာဉ်တွေရဲ့ မော်ဒယ်၊ အမျိုးအစားပေါ်မူတည်ကာ စျေးနှုန်း မြင့်တက်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်၊၊လုပ်ငန်းသုံးယာဉ်တွေဟာ အိမ်စီးကားလောက် ကျယ်ကျယ်ပြန့်ပြန့် မလိုအပ်ပေမယ့် လိုအပ်တဲ့ အရေအတွက်ကို တင်သွင်းခွင့် ပေးလိုက်ရင်တော့ ထိရောက်ပြီး စျေးနှုန်း သက်သာမှုတစ်ခုတော့ ရရှိသွားမှာဖြစ်တယ်လို့ သိရ ပါတယ်၊၊