လာမယ့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်ကစပြီး ဆော်ဒီအာရေဗျနိုင်ငံကို မွေးမြူရေး ရေချိုငါးတွေကို စတင် တင်ပို့နိုင် မယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောပါတယ်။ မြန်မာ့မွေးမြူရေး ရေချိုငါးတွေ တင်ပို့မယ်ဆိုရင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် တစ်ခုဖြစ်တဲ့ အကောင်း ဆုံး ငါးမွေးမြူရေးကျင့်စဉ် (Best Aquaculture Practice) ပါမှ လက်ခံမှာပါ။

ကြက်၊ ဝက်တွေနဲ့ တွဲဖက်မွေးမြူတဲ့ ငါးကန်တွေက ငါးတွေကို ဆော်ဒီအာရေဗျနိုင်ငံဘက်က လက်မခံဘူးလို့ သိရပါတယ်။ပြည်တွင်းက ငါးမွေးကန်အများစုဟာ ကြက်နဲ့တွဲဖက် မွေးမြူကြတာဖြစ်လို့ တင်ပို့နိုင်ဖို့အတွက် အဟန့်အတား ရှိနေပြီး လက်ရှိမှာ BAP စနစ်မှာ ပါဝင်နိုင်မယ့် ငါးကန်တွေကို ရွေးချယ်ပြီး တင်ပို့ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြော ပါတယ်။

အကောင်းဆုံးငါး မွေးမြူရေးကျင့်စဉ်ဆိုတာ ရေသတ္တဝါတွေ မွေးမြူထုတ်လုပ်ရာမှာ နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ် ကင်းစင်မှု စံချိန်စံညွှန်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ မွေးမြူထုတ်လုပ်တဲ့ ကျင့်စဉ်ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဆော်ဒီအာရေဗျနိုင်ငံကို မြန်မာ့သဘာဝ ရေချိုရေငန်ငါးတွေကိုတော့ ပုံမှန်တင်ပို့နေပြီး တင်ပို့မှု ကနေ တစ်နှစ်ကို ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ရရှိနေပါတယ်။ မွေးမြူရေး ရေချိုငါးတွေ ကိုပါ တင်ပို့နိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်အထိ ရရှိလာမယ်လို့ ပို့ကုန် လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံကနေ ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ ၊ ငါးတန် စတဲ့ ငါးအမျိုးအစားပေါင်း ၂၀ ကျော် အပြင် ပုစွန်၊ ကဏန်းနဲ့ အခြားရေထွက်ကုန်ပစ္စည်းတွေကို ဂျပန်၊ တရုတ်၊ ထိုင်းနဲ့ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၄၀ ကို တင်ပို့နေတာပါ။ အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၉ လ အတွင်း ပြည်ပကို ရေထွက်ကုန်တင်ပို့မှု ကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။