ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စက်မှုကဏ္ဍ၊ ဟိုတယ်နဲ့ခရီးသွားကဏ္ဍတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း အသစ် ၃ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုပေးလိုက်ပါတယ်။မေ ၂၈ ရက်က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာ အဲဒီလုပ်ငန်း သစ် ၃ ခုကို အတည်ပြုပေးလိုက်တာဖြစ်ပြီး စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနဲ့ ဟိုတယ်နဲ့ခရီးသွားကဏ္ဍမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းတွေကတော့ CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်းနဲ့ ဟိုတယ်နဲ့ မိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်း ပမာဏက ကျပ်သန်း ၆၆၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၆၆ သန်း ဖြစ်ပြီး ပြည်တွင်းမှာ လုပ်သား ၁၂၂၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်မယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာ ပြည်တွင်းဝန်ထမ်း ၂၅၀၀ ထပ်တိုးခန့်မယ့် ကုမ္ပဏီတစ်ခု အပါအဝင် ကုမ္ပဏီ ၁၄ ခုရဲ့ အထွေထွေတင်ပြချက်တွေကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။အခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အခုထပ်မံခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်း ၃ ခုအပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ၁၂ ခု ဝင်ရောက် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။