ထိုင်းကုန်စည်ပြပွဲ(Thai Expo Yangon 2025)ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center (YCC)ခန်းမမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ Thai Expo Yangon ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ သိရပါတယ်၊၊ ကုန်စည်ပြပွဲကိုတော့ ဇွန် ၆ ရက်ကနေ ၈ ရက်အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပြပွဲမှာ အာဆီယံဈေးကွက်အတွင်း လူကြိုက်များတဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီကြီးတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေက ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံက အဝယ်တော်တွေ၊ တင်သွင်း သူတွေ၊ ဖြန့်ဖြူးသူတွေ တွေ့ဆုံကာ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေ ဖန်တီးရရှိနိုင်မယ့် ပြပွဲတစ်ခု ဖြစ်တယ်လို့ သိရပါတယ်၊၊ကုန်စည်ပြပွဲမှာတော့ ဆိုင်ခန်း ၁၄၀ နီးပါးလောက်က ပါဝင်ပြသသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အစားအစာနဲ့ အဖျော် ယမကာတွေ၊ အဝတ်အထည်တွ၊ အလှကုန်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်၊၊

ဒါ့အပြင် ထိုင်းနိုင်ငံက လာရောက်ကြမယ့် ဝယ်ယူဖြန့်ဖြူးသူတွေ၊ ဆုံးဖြတ်ချက် ချသူတွေနဲ့တွေ့ဆုံပြီး လုပ်ငန်းမိတ်ဖက်တွေ တည်ဆောက်နိုင်ဖို့၊ ကွန်ရက်ချိတ်ဆက် စီးပွားရေးလှုပ်ရှားမှုတွေကို တက်ရောက်နိုင်ဖို့၊ ကုန်ပစ္စည်း Brand ကို ပိုမိုမြှင့်တင်နိုင်ဖို့နဲ့ လက်တွေ့အသုံးချပြတဲ့ အစီအစဉ်တွေ ပါဝင်နိုင်ဖို့ ကျင်းပတာဖြစ်သလို ပြပွဲမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုတွေကိုလည်း ဖလှယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါ တယ်၊၊