ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သား ၁၃၀၀ ကျော်ကိုခေါ်ယူဖို့အတွက် အလုပ်ကမ်းလှမ်းစာတွေ ပေးပို့ ထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ အလုပ်သမား အမျိုးသား ၃၅၁ ယောက်၊ အမျိုးသမီး ၁၀၁၂ ယောက် စုစုပေါင်း ၁၃၆၃ ယောက်ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရား ဝင် တည်ထောင်ထားတာ ရှိမရှိနဲ့ စာရွက်စာတမ်းအထောက်အထားတွေ စိစစ်ပြီး တွေ့ရှိရတဲ့ စိစစ်တွေ့ရှိချက် တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည် ပေးပို့ နေတယ်လို့လည်း သိရပါတယ်။