အခု မေလအတွင်း ပြည်တွင်းဆန်ဈေးကွက်မှာ ၂၄ ပြည် ဆန်တစ်အိတ်ကို အမျိုးအစားအလိုက် အနိမ့် ဆုံး ကျပ် ၆၀,၀၀၀ ကနေ အမြင့်ဆုံးကျပ် ၁၅၀,၀၀၀ အတွင်းရောင်းချဖို့ စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ပြည်ပတင်ပို့တဲ့ဧည့်မထအုပ်စုအတွင်းက ဆန်တွေကို အကျိုးအကြေရာခိုင်နှုန်းအလိုက် ဆန်တစ်အိတ်ကို ကျပ် ၆၀,၀၀၀ ကနေ ၇၂,၀၀၀ အတွင်း ရောင်းချဖို့ သတ်မှတ်လိုက်ပြီး ပြည်ပတင်ပို့သလို ပြည်တွင်းမှာပါ စားသုံးတဲ့ ဆန်အုပ်စုတွေကိုတော့ တစ်အိတ်ကျပ် ၆၈,၀၀၀ ကနေ ၇၈,၀၀၀ အတွင်းနဲ့ ဧရာမင်း၊ ဧရာပ ဒေသာနဲ့မဂျမ်းတော ဆန်တစ်အိတ်ကို ကျပ် ၈၉,၀၀၀ ကနေ ၁၃၃,၀၀၀ အတွင်း အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပါတယ်။

ရွှေသွယ်၊ အညာသား၊ ပခမ်း၊ ဆင်းသုခ၊ ရက် ၉၀၊ လုံးသွယ်မွှေး စတဲ့ ဆန်တွေကိုတော့ ကျပ် ၇၅,၀၀၀ ကနေ ၉၂,၀၀၀ အကြား၊ ဧရာဝတီပေါ်ဆန်းတွေကို ကျပ် ၁၀၇,၀၀၀ ကနေ ၁၂၅,၀၀၀ အကြား၊ ပေါ်ဆန်း အုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲ တွေကတော့ ၉၀၀၀၀ ကနေ ၁၀၂,၀၀၀ အကြား၊ ဘေးကြား နဲ့ ကြားပျံတွေကို အမျိုးအစားအလိုက် ကျပ် ၁၁၇,၀၀၀ ကနေ ၁၃၅,၀၀၀ အကြား သတ်မှတ်ထားပါတယ်။ ရွှေဘိုပေါ်ဆန်း ကိုတော့ ကျပ် ၁၃၀,၀၀၀ ကနေ ၁၅၀,၀၀၀သတ်မှတ်ထားပြီး ဈေးကွက်အတွင်း ရောင်းချတဲ့အခါ အခု သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ အသိပေးထားပါတယ်။

ပြည်ပပို့ဆန် ဈေးနှုန်းတွေကတော့ နိုင်ငံတကာဈေးကွက်အခြေအနေနဲ့ငွေလဲနှုန်းတွေအပေါ် မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နိုင်ပြီး အပြောင်းအလဲဖြစ်ခဲ့ရင် သတ်မှတ်ရည်ညွှန်းဈေးရဲ့ ၁၀ ရာခိုင်နှုန်းအတွင်း ညှိနှိုင်းဝယ်ယူရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းမြှင့်တင်ရောင်းချတာနဲ့ အရည်အသွေး မမှန်မကန်ရောင်းချရင် အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူဆောင်ရွက်နေတာကြောင့် ဆန်စက် တွေ၊ ဆန်ဆိုင်တွေ၊ ကုန်သည်တွေနဲ့ဆန်လုပ်ငန်းရှင်တွေအနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားပါတယ်။