မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော်ကြီးမှာ ငလျင်ကြောင့် ဈေးဆိုင်ခန်းတွေရဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ခေတ္တရပ်နားခဲ့ရပြီး အခုလက်ရှိမှာတော့ (၇၀)ရာခိုင်နှုန်းလောက် အရောင်းအဝယ် ဖြစ်လာနေပြီဖြစ်တယ်လို့ မန္တလေးဈေးချိုတော်အကျိုးတော်ဆောင်အဖွဲ့ဆီကနေ သိရပါတယ်။

ငလျင်ကြောင့် ဈေးချိုတော် ဧရိယာအတွင်းက ပြင်ပဈေးချိုတော်အဆောင်ကြီးကတော့ အဓိကဖွဲ့စည်းပုံတွေ ပျက်စီးတာမျိုး လုံးဝမရှိခဲ့ဘဲ အနည်းငယ်သာ ပျက်စီးခဲ့တယ်လို့ မန္တလေးဈေးချိုတော်အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ပြောပါတယ်။ အဆင့်မြင့်ဈေးချိုတော် ဈေးရုံကြီးမှာ ဆိုင်ခန်းပေါင်း ၂၅၀၀ ကျော် ရှိတာဖြစ်ပြီး မန္တလေးဈေးချိုတော်ရဲ့ ကြံ့ခိုင်မှု ကို ငလျင်လှုပ်ခတ်အပြီး အချိန် ၂ နာရီအတွင်း စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ ပင်မရုံ ဖြစ်တဲ့ အဆင်မြင့်ဈေးချိုတော် ၅ ထပ်ရုံကြီးဟာ အပြင်ပိုင်း ထိခိုက်ပျက်စီးတာမျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဦးဆောင်တဲ့ ငလျင်ဒဏ်ခံအဆောက်အဦ စစ်ဆေးရေးအဖွဲ့က ဧပြီ ၃ ရက်မှာ တစ်ကြိမ်၊ ပြည်ပအအဖွဲ့တွေပါဝင်တဲ့ အဖွဲ့က ဧပြီ ၇ ရက်မှာတစ်ကြိမ် ဈေးရဲ့ ကြံခိုင်မှုတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဈေးချိုတော်ဧရိယာအတွင်းမှာရှိတဲ့ တောင်ဘက်တိုက်တန်းကြီးနဲ့ မြောက်ဘက်တိုက်တန်းကြီး ကတော့ အနီရောင်အဆင့်သတ်မှတ်ပြီး လူနေထိုင်ဖို့မသင့်တဲ့ အဆောက်အဦအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဆင့်မြင့်ဈေးချိုတော်ကြီးကို ငလျင်လှုပ်အပြီးမှာ ခေတ္တပိတ်ထားခဲ့ရပေမဲ့ ဧပြီ ၂၄ ရက်ကစပြီး ဒီနေ့အချိန်အထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။