မကွေးမြို့ရဲ့ ထင်း၊ မီးသွေး အစားထိုး လောင်စာတောင့် စျေးကွက်မှာ ပြီးခဲ့တဲ့ နွေရာသီက စျေးထက် နှစ်ဆ လောက် ဈေးမြင့်တက်နေတယ်လို့ မကွေးမြို့ရှိ လောင်စာတောင့် ထုတ်လုပ်ရောင်းချသူတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ နွေရာသီက လောင်စာတောင့် အခဲ ၄၀ ပါ တစ်အိတ်ကို ၄၅၀၀ ကျပ် စျေးရှိပြီး အခုမိုးရာသီမှာတော့ တစ်အိတ် ကို ၈၀၀၀ ကျပ် စျေးရှိနေတာပါ။

လောင်စာတောင့်တွေကို နေနဲ့အခြောက်ခံထုတ်လုပ်ရတာကြောင့် နွေရာသီနဲ့ဆောင်းရာသီသာ လုပ်ကိုင်ရ အဆင် ပြေပြီး မိုးရာသီမှာတော့ အလုပ်ရပ်နားရတဲ့အချိန်က များတယ်လို့ ထုတ်လုပ်ရောင်းချသူတွေက ပြောပါတယ်။လောင်စာတောင့်စျေးကွက် မြင့်တက်တာကတော့ ပစ္စည်းထုတ်လုပ်မှု လျော့ကျလာတာနဲ့ ကုန်ကြမ်းပစ္စည်းစျေး မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ မကွေးမြို့က လောင်စာတောင့်ထုတ်လုပ်သူ ဦးအောင်ကိုလတ်က ပြောပါတယ်။

လောင်စာတောင့်တွေကို မီးသွေးအကြေနဲ့ လွှစာမှုန့်တွေကို ရွှံ့စေးနဲ့ ရောစပ် ထုတ်လုပ်တာဖြစ်ပြီး လောင်စာ တောင့်တစ်ခဲက မီးလောင်ကျွမ်းချိန် တစ်နာရီခွဲခန့် ကြာမြင့်တယ်လို့ သိရပါတယ်။မကွေးဒေသက ထွက်ရှိတဲ့ လောင်စာတောင့်တွေကို ရန်ကုန်ကို အဓိကတင်ပို့ကြပြီး ဒေသတွင်းမြို့တွေဖြစ်တဲ့ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း ၊နတ်မောက် စတဲ့ မြို့တွေကိုလည်း တင်ပို့ကြပါတယ်။မကွေးမြို့မှာတော့ လောင်စာတောင့်ရောင်းချမှုဟာ အခုလိုပွင့်လင်းရာသီထက် မိုးရာသီမှာ ပိုမိုအရောင်း သွက်တယ်လို့ သိရပါတယ်။