မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ အခြေခံလူတန်းစား အများစုဟာ ပြည်ပက တင်သွင်းတဲ့ စားအုန်းဆီကို စားသုံးမှု များတဲ့အတွက် ပဲဆီ၊ နှမ်းဆီ ရောင်းအားကျဆင်းနေတယ်လို့ မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင် များအသင်းက သိရပါတယ်။ပဲဆီတစ်တစ်ပိဿာကို ကျပ် ၁ သောင်း ၈ ထောင် ဝန်းကျင်စျေးရှိပြီး နှမ်းဆီ တစ်ပိဿာကို ကျပ် ၁ သောင်းခွဲ စျေးနဲ့ ရောင်းချနေကြပါတယ်။ လက်ရှိကာလမှာ မိုးသီးနှံဖြစ်တဲ့ ပဲ၊ နှမ်းတွေ ထွက်ရှိတော့မှာဖြစ်လို့ ပဲဆီ၊ နှမ်းဆီစျေးကလည်း တဖြည်းဖြည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။

ပဲဆီ၊ နှမ်းဆီ ဈေးတွေဟာ တစ်ပိဿာကို ပြီးခဲ့တဲ့ လတွေကထက် ကျပ်တစ်ထောင်လောက် စျေးကျနေပေမယ့် စားသုံးမှု နည်းတဲ့အတွက် ရောင်းအားကျဆင်းနေတယ်လို့ မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးဝင်းထွန်းက ပြောပါတယ်။ သီးနှံပေါ်ချိန်မှာလည်း ပြည်ပတင်ပို့မှု မရှိဘဲ ပြည်တွင်းသုံးပဲ ရှိမယ်ဆိုရင်တော့ ဆီစျေးက ပိုကျနိုင်တယ်လို့ ဆို ပါတယ်။မကွေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ပဲဆီ၊ နှမ်းဆီကို ရန်ကုန်၊ မော်လမြိုင် ၊ပုသိမ် ၊တောင်ကြီး စတဲ့ ဒေသတွေ ကိုလည်း တင်ပို့ရောင်းချနေကြတာပါ။ လက်ရှိကာလမှာတော့ ဒေသတွင်းစားသုံးမှု နည်းတဲ့အတွက် ဆီစက် တွေလည်း လုပ်ငန်းလည်ပတ်မှု နည်းတယ်လို့ သိရတယ်။