ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗင်နီဇွဲလားရဲ့ ရေနံတင်ပိုမှုဟာ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး တစ်ရက်ကို ရေနံစည် ပေါင်း ၇ သိန်းခန့်သာ တင်ပိုနိုင်ခဲ့တယ်လို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆိုမှု တွေနဲ့ ပတ်သက်ပြီး ငွေပေးချေမှုဆိုင်ရာ မသေချာမရေရာမှုတွေကြောင့် အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevron ကို ရေနံတင်သွင်းမှုတွေ ဖျက်သိမ်းခဲ့ရတာပါ။

ဒီအတွက် ဗင်နီဇွဲလားရဲ့ ရေနံတင်ပိုမှုဟာ ၉ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို ဆိုပါတယ်။ ငွေပေးချေမှု ဆိုင်ရာ မသေချာမှုတွေကြောင့် ဗင်နီဇွဲလားအစိုးရပိုင်ကုမ္ပဏီ PDVSA က အမေရိကန်ကို တင်ပိုတဲ့ ရေနံတင် သင်္ဘောတွေကို နောက်ပြန်လှည့်ခိုင်းခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗင်နီဇွဲလား အနေနဲ့ တရုတ်ကို တစ်ရက် ရေနံစည်ပေါင်း ၄၂၈,၀၀၀ ဝန်းကျင်တင်ပိုခဲ့ပြီး အမေရိကန်ကိုတော့ တစ်ရက်ကို ရေနံစည်ပေါင်း ၁၃၈,၀၀၀ နဲ့ အိန္ဒိယကို တစ်ရက် ရေနံစည်ပေါင်း ၆၄,၂၀၀ တင်ပိုခဲ့တယ်လို ရိုက်တာ က ရေးသားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကတော ဗင်နီဇွဲလားရဲ့ ရေနံတင်ပိုမှုဟာ တစ်ရက်ကို ရေနံစည်ပေါင်း ၈၇၅,၀၀၀ အထိ ရှိခဲ့ပါတယ်။ ဗင်နီဇွဲလား ရေနံလုပ်ငန်းဝန်ကြီး ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကတော့ အခုလအတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်ပြီး ရေနံလုပ်ငန်းနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့တယ်လို သိရပါတယ်။