အခုဘဏ္ဍာနှစ် ဧပြီလကနေ ဇူလိုင်လအထိ ၄ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၄၀,၀၀၀ ကျော် တင်ပို့ နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF က သိရပါတယ်။ပြီးခဲ့တဲ့ ဧပြီလက ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ သိန်း ၄ သောင်းကျော်၊ မေလက ၂ သိန်းခွဲကျော်၊ ဇွန်လက ၂ သိန်း ၁ သောင်းကျော်နဲ့ ဇူလိုင်လမှာ တန်ချိန် ၂ သိန်း ၃ သောင်းကျော် တင်ပို့ခဲ့တာပါ။

ဆန်နဲ့ဆန်ကွဲတွေကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းတွေကနေ တင်ပို့ခဲ့တာဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုက အများဆုံး ဖြစ်ပါတယ်။အခုဘဏ္ဍာနှစ် ၄ လအတွင်း ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရရှိ ထား တယ်လို့ MRF ရဲ့ စာရင်းတွေအရ သိရပါတယ်။ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ နယ်သာလန်နဲ့ ဗြိတိန် စတဲ့ နိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲတန်ချိန် အများဆုံး တင်ပို့နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ရွှေမန်း စတဲ့ ဆန်ကြမ်းတွေကို အဓိက တင်ပို့နေပါတယ်။ ပြည်ပကို ဆန်တင်ပို့ရာမှာ တရုတ် တစ်နိုင်ငံ တည်းသာမက ဥရောပ၊ အာဖရိကနဲ့ အာရှဈေးကွက်တွေအထိ ချိတ်ဆက်ဆောင်ရွက်သွားဖို့လည်း ရှိနေတယ်လို့ MRF က သိရပါတယ်။ အခုဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့ လျာထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့ခဲ့ကာ ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့ပါတယ်။